စောနွေဦး/People’s Spring
နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူတွေကြောင့် ဒေါ်လာရှားပါးလာတဲ့ စစ်ကောင်စီအတွက် တစ်လကို ဒေါ်လာသန်း ၁၀၀လောက်ရဖို့ ကြိုးစားပေးနေတဲ့ လုပ်ငန်းရှင်အသင်းရှိနေပါတယ် ။မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ပါ။
တချိန်က အာရှဆန်အိုးလို တင်စားခံရတဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့တာဟာက အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရီကန်နဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကြုံရပြီး ဒေါ်လာတွေအရင်လိုဝင်မလာတော့တာကြောင့် စစ်ကောင်စီဟာလက်နက်ခဲယမ်းတွေဝယ်ပြီးစစ်ဆက်တိုက်နိုင်ဖို့၊လေယာဥ်တွေနဲ့ဗုံးကြဲနိုင်ဖို့ နိုင်ငံအတွင်းဝင်လာသမျှဒေါ်လာတွေကို နည်းမျိုး စုံနဲ့ရယူနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေထွက်ခွာသွားတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှုတွေလျော့ကျကုန်တာ ၊ ကုန်သွယ်ရေးလျော့ကျတာ ၊ရေနံနဲ့ သဘာဝဓါတ်ငွေရောင်းရငွေလျော့ကျလာသလို ရေနံနဲ့ သဘာဝဓါတ်ငွေအထွက်နှုန်းလျော့နည်းလာတာ ၊ အမေရီကန် က ၂၀၂၃ သြဂုတ်လမှာ စစ်ကောင်စီအဓိကအားကိုးနေတဲ့ MFTB နဲ့ MICB ကိုပိတ်ဆို့အရေးယူတာ စတာတွေကြောင့် စစ်ကောင်စီဟာ အသက်ဆက်နိုင်ဖို့ ဒေါ်လာလိုအပ်ချက် ကြီးမားလာပါတယ် ။
စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံတော်လှန်မှုတွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ လေကြောင်းကနေတိုက်ခိုက်ဖို့ လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊ခေတ်မီ စစ်အသုံးအဆောင်တွေဝယ်ယူနိုင်ဖို့အတွက် ဒေါ်လာနဲ့ နိုင်ငံခြားငွေ အမြဲလိုအပ်နေတာဖြစ်ပါတယ် ။

Public Service Announcement
စစ်အုပ်စုအတွက် ဒေါ်လာ အရေးပေါ်လိုအပ်နေချိန်မှာ ဆန်ပြည်ပတင်ပို့မှုဟာ ဒေါ်လာအဓိကရှာဖွေပေးတဲ့ အနည်းငယ်သောလုပ်ငန်းတွေထဲကတစ်ခုဖြစ်လာပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ ဆန်စပါးအသင်းချုပ်နဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ပွဲတွေကြောင့်တောင်သူတွေစိုက်ပျိုးမှုနည်းလာတာ ၊ပြည်တွင်းဆန်ဈေးကြီးနေချိန်မှာတောင် ပြည်ပကို ဆန်တွေ ရသလောက်ရောင်းပြီး ဒေါ်လာနဲ့ နိုင်ငံခြားငွေရဖို့ လုပ်လာပါတော့တယ် ။
ဆန်တင်ပို့တာကရတဲ့ နိုင်ငံခြားငွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရနေတဲ့ နိုင်ငံခြားငွေရဲ့ ထက်ဝက်နီးပါးရှိလာပါတယ်။အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီကရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဒေါ်လာ သန်း ၂၀၀လောက် လစဉ်ရနေတာဖြစ်ပါတယ်။
ဆန် နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုဟာ ၂၀၂၁ ဧပြီ ၁ ရက်ကနေ ၂၀၂၂ မတ်လကုန် အထိတန်ချိန် ၂ သန်းကျော် (၂,၁၆၄,၆၈၁တန်)ရှိခဲ့ပြီးတော့ အမေရီကန်ဒေါ်လာ ၈၀၉ သန်းကျော် ရခဲ့ပါတယ် ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ဆန် နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းကျော်( ၂, ၂၆၁,၂၀၃တန်) တင်ပို့ပြီးတော့ ပို့ကုန်ဝင်ငွေအမေရီကန်ဒေါ်လာ ၈၅၃ သန်း ကျော် ထိရှိခဲ့ပါတယ် ။
အခု မတ်လကုန်မယ့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် (၂.၅) သန်း ပို့ပြီး အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိဖို့ စစ်ကောင်စီနဲ့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကဝယ်သမျှလိုက်ရောင်းဖို့ကြံစည်နေတာဖြစ်ပါတယ် ။ စစ်တပ်အာဏာမသိမ်းခင်က ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုဟာတန်ချိန် တစ်သန်းခွဲ ဝန်းကျင်ပဲပို့ခဲ့တာဖြစ်ပါတယ် ။
“ဆန်တင်ပို့တာက ပုဂ္ဂလိကတင်ပို့တာမို့ နိုင်ငံတကာ ကရော၊တော်လှန်ရေးခေါင်းဆောင်တွေက ဒီကရတဲ့ ဒေါ်လာတွေကို စစ်ကောင်စီကရနေတာကို သတိမထားကြဘူး။ဒီကနေ့ ဒေါ်လာတွေရနေတယ်ဆိုတာလဲ မမေ့သင့်ဘူး”လို့ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကထောက်ပြပါတယ်။
၂၀၂၃ ဧပြီ ၁ရက်မှ ၂၀၂၄ ဇန်နဝါရီ ၃၁ရက်အထိ ဆယ်လအတွင်းမှာ ဆန်နဲ့ဆန်ကွဲကို နိုင်ငံခြားတင်ပို့မှုကနေ ဒေါ်လာ သန်း ၅၇၀ကျော်ရရှိထားပါတယ်လို ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားပါတယ်။ ဒီထဲက အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ ခန့်က စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ ဈေးဖြတ်သိမ်းပိုက်ခဲ့တာပါ။
၂၀၂၃ ဒီဇင်ဘာလက ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့တာက ခုနှစ်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီးတော့ တစ်လတည်းနဲ့အမေရိကန် ဒေါ်လာ ၉၉ သန်းကိုရှာဖွေခဲ့တာပါ။ ဒီအတွက် ဆန်တန်ချိန် ၂သိန်းနီးပါးကို ဒီဇင်ဘာလထဲမှာ ပြည်ပကို တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဒီဘဏ္ဍာနှစ်မှာ ဆန်၊ဆန်ကွဲတင်ပို့ရာကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရဖို့ စစ်ကောင်စီနဲ့ ဆန်စပါးအသင်းချုပ်က ရည်မှန်းခဲ့ပေမယ် ဒီသတ်မှတ်ချက်ကို မပြည့်နိုင်တော့ဘဲ ဒေါ်လာသန်း ၇၀၀လောက်ပဲရတော့မယ်လို့ ဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီ ၂ ရက် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလဲပွဲမှာဆိုပါတယ်။
“ဒီနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်ပေါ့။ တန်ချိန်အားဖြင့် ၂ သန်းမပြည့်နိုင်ပါဘူး။တန်ချိန် ၁ သန်းကျော်ပဲဖြစ်နိုင်တဲ့အနေအထားရှိပါတယ်”လို့ ဆန်စပါးအသင်းချုပ်၊ဥက္ကဌ ဦးရဲမင်းအောင်ကရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ပြည်ပကိုဆန်တင်ပို့တာကို ကုမ္ပဏီ ၅၀ကျော်က ဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်ကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တရုတ်၊ဖိလစ်ပိုင်၊မလေးရှားနဲ့ ပိုလန်နိုင်ငံတို့ဖြစ်ပါတယ်။
ဆန်ရောင်းပြီး ရတဲ့ဒေါ်လာတွေကို သိမ်းယူတာမှာတော့စစ်ကောင်စီက အထူးကျွမ်းကျင်ပါတယ် ။ဆန်ရောင်းပြီးရတဲ့ ဒေါ်လာတွေကို စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ ဈေးဖြတ်ပြီး စိတ်ကြိုက်ရိုက်ထုတ်ရတဲ့ ကျပ်ငွေစက္ကူတွေနဲ့ လဲလှယ်ပြီးသိမ်းယူတာပါ။ ကျန်ဒေါ်လာတွေကိုလည်း စစ်ကောင်စီက သူတို့လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ဖိအားပေးရောင်းခိုင်းတာတွေရှိပါတယ်။
ဆန်နဲ့ရေထွက်ပစ္စည်းက ရတဲ့နိုင်ငံခြားငွေတွေကို စက်သုံးဆီတင်သွင်းဖို့ သတ်မှတ်ထားတာရှိပါတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အရာရှိတစ်ဦးကပြောပါတယ်။
“သတ်မှတ်တဲ့ ပမာဏကိုတော့ ၂၁၀၀ ကျပ်နဲ့ရောင်းရပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ ဈေးကွက်ထဲမှာ ဗဟိုဘဏ်ကထိန်းညှိပေးတဲ့ ဈေးနဲ့ ရောင်းခိုင်းတာရှိပါတယ်”လို စစ်ကောင်စီဗဟိုဘဏ်ကအရာရှိတစ်ဦးကပြောပါတယ်။
ဒေါ်လာကို စစ်ကောင်စီက သူတို့ပဲ ကိုင်နိုင်ပြီး ပြည်သူတွေမကိုင်ရဲအောင် ဝင်ငွေရလမ်းမပြနိုင်ပဲဒေါ်လာကိုင်ရင် ၊အခွန်မဆောင်ထားရင် ထောင်ချလို့ရတဲ့ ဥပဒေကိုပါပြဌာန်းပြီးပြည်သူတွေကိုတော့ နှိပ်ကွပ်ထားပါတယ် ။
စစ်ကောင်စီက ပြည်ပပို့ကုန်တွေရဲ့ ရငွေ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ကျပ်ရောင်းရမယ်လို့ ၂၀၂၂ ဧပြီလကစပြီးသတ်မှတ် ခဲ့ပါတယ်။ ၂၀၂၃ မတ်လမှာတော့ ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ဒီဇင်ဘာမှာတော့ ၃၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခဲ့ပြန်ပါတယ်။
ဒီလို ဆန်တင်ပို့တာကနေ နိုင်ငံခြားငွေရဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားပေးနေသူတွေထဲမှာ ပုဂ္ဂလိက ပိုင်းမှာဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အဓိကဖြစ်ပါတယ်။ ဒီအသင်းကို ဥက္ကဌတာဝန်ယူထားသူကတော့ ဦးရဲမင်းအောင်ပါ။
သူကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှ ပြည်ပကို ဆန်တင်ပို့တာကနေ ဒေါ်လာအများအပြားရဖို့ တက်တက်ကြကြွလုပ်ပေးနေတယ်လို့လုပ်ငန်းရှင်အချို့ကမှတ်ချက်ပေးပါတယ်။
“သူက စစ်ကောင်စီအလိုကျလုပ်ပေးမယ့်သူပေါ့။ သူ့အကျိုးစီးပွားအတွက်ဆို သူက စစ်ကောင်စီအလိုကျလုပ်ပေးမှာ။”လို့လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးပါတယ်။
အမျိုးသာညီညွတ်ရေးအစိုးရ (NUG) ကဇန်နဝါရီလ ၂၉ ရက်နေ့မှာစစ်ကောင်စီနဲ့ပေါင်းပြီး အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုက်ရိုက်လုပ်ဆောင်နေတဲ့ ၊စစ်ကောင်စီသက်ဆိုးရှည်အောင်လုပ်ပေးနေတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသတ်မှတ်ကြောင်းကြေညာပါတယ်။ အဲဒီစာရင်းထဲမှာ ဆန်စပါးအသင်းချုပ်ဥက္ကဌ၏ ဦးရဲမင်းအောင်လည်းပါဝင်ပါတယ် ။
NUG ကအမည်ပျက်စာရင်းကြေညာပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၂ ရက်မှာ ဦးရဲမင်းအောင် က သတင်းမီဒီယာတွေကို ပြည်ပကို ဆန်၊ဆန်ကွဲ တင်ပို့မှု အခြေအနေ ၊ ဆန် ဆန်ကွဲတင်ပို့မှုကနေ ဒေါ်လာတိုးရဖို့ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ဖို့ ဘယ်လိုစီစဥ်နေတယ်ဆိုတဲ့အကြောင်း ရှင်း
လင်းခဲ့ပါသေးတယ်။ ဆန်စပါးအသင်းချုပ် ဥက္ကဌကို People’s Spring က မှတ်ချက်ရရှိဖို့ကြိုးစားနေဆဲဖြစ်ပါတယ် ။
ဆန်တွေကို ပြည်ပက အဝယ်ရှိသလောက်လိုက်ရောင်းတာကြောင့် ပြည်တွင်း ဆန်ဈေးနှုန်းက သမိုင်းတလျှောက်အမြင့်ဆုံး ဖြစ်လာပါတယ်။ ပြည်တွင်းတချို့နေရာတွေဆိုရင် စစ်ကောင်စီက ဆန်သယ်ယူတာကိုပါကန့်သတ်ထားလို့ ဆန်ဈေးခေါင်ခိုက်အောင်ကြီးနေပါတယ် ။
ပြည်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၅၀၀၀၀မှ ၁၆၀၀၀၀ အထိ၊ ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀၀၀၀မှ ကျပ် ၁၄၀၀၀၀အထိနှင့် ဆန်းတစ်အိတ်ကို ကျပ် ၁၁၀၀၀၀အထိပေါက်ဈေးရှိနေပါတယ်။ဒီဈေးနှုန်းတွေက ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးပြကြီးတွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းတွေဖြစ်ပါတယ်။
နယ်မြို့တွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ နေရာတွေမှာဆိုရင် ဈေးနှုန်းတွေက ဒီထက်မက မြင့်တက်နေပါတယ်။
“ဆန်ဈေးတက်တာက သယ်လို့မရအောင်ကန့်သတ်တာပေါ့။ တချို့နေရာတွေမှာဆိုရင် ဆန်ကို အိတ်လိုက်သယ်ခွင့်မရှိဘူး။ဒီလိုမျိုး စစ်တပ်က ကန့်သတ်ထားတယ်”လို စစ်ကိုင်းတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ့စီးပွားရေးဇောက်ထိုးဆင်း ၊ငွေကြေးဖောင်းပွပြီး အလုပ်အကိုင်ရှားပါးတာကြောင့် တချို့ပြည်သူတွေဟာ ထမင်းနပ်မှန်အောင်စာဖို့ခက်ခဲလာပါတယ်။ စစ်တပ်ဖိနှိပ်တာကိုအပြင်းအထန်ခံရတဲ့ဒေသတွေမှာ ၊ရန်ကုန်ဆင်ခြေဖုံးကနေရာတွေမှာ ဆန်ဈေးကြီးပြီး ဆန်ရှားပါးတာကြောင့် ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူတွေတောင်ရှိလာပါတယ် ။
ဆန်တွေ နိုင်ငံခြားကိုရောင်းပြီး စစ်ကောင်စီ၊ဆန်အသင်းချုပ်နဲ့ လုပ်ငန်းရှင်တွေက အကျိူးအမြတ်ရနေပေမယ့် လယ်သမားတွေက အခက်အခဲမျိုးစုံနဲ့ကြုံတွေနေရပါတယ်။ မြေဩဇာဈေး၊ စက်သုံးဆီဈေးတွေက ကြီးမြင့်နေတာကြောင့် စိုက်ပျိုးထုတ်လုပ်စာရိတ်တွေကြီးပြီး အကျိုးအမြတ်ကနည်းပါးတယ်လို့ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။
လယ်သမားတွေအခက်အခဲတွေဘယ်လိုကြုံပါစေ၊ ပြည်တွင်းမှာ ဆန်ဈေးတွေကြီးနေပါစေ စစ်ကောင်စီက သူတို့ရပ်တည်ရေးအတွက် နိုင်ငံခြားငွေရဖို့ ဆန်ကို ပြည်ပပို့နေမှာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဒီလိုပို့ဖို့ ဆန်စပါးအသင်းချုပ်ကလူတွေက ဆက်ကြိုးပမ်းပေးနေမှာပဲလို့လည်း သူကဆိုပါတယ်။
ပြည်တွင်းမှာ ဆန်ဈေးကြီးတာ ၊တောင်သူတွေ ထုတ်လုပ်စာရိတ်နည်းပြီး အကျိုးအမြတ်နည်းတာ ၊ ပြည်သူတွေထမင်းနပ်မှန်အောင်စာဖို့ခက်ခဲလာတာစတဲ့အခက်အခဲတွေကိုတော့ ဆန်စပါးအသင်းချုပ်က ကူညီဖြေရှင်းပေးဖို့ကြိုးစားတာမရှိပါဘူး ။အဲတာတွေအစား ပြည်ပကို ဆန်၊စပါး၊ဆန်ကွဲတိုးတင်ပို့ဖို့ကိုသာအဓိကအာရုံစိုက်နေကြတာဖြစ်ပါတယ်။
“အသင်းချုပ်ကလူတွေက ခေတ်ပျက်မှာ သူတို့ အကျိုးစီးပွားရရေးကို အာရုံစိုက်လုပ်နေတာက ငြင်းမရတဲ့အချက်ပါပဲ။ ပြည်သူတွေက အငတ်ဘေးစိုက်တောင် သူတို့က ဂရုစိုက်မယ့်သူတွေမဟုတ်ဘူး။ သူတို့ စီးပွားပဲကြည့်တဲ့လူတွေပါ”လို့ဆန်ကုန်သည်တစ်ဦးကဖွင့်ဟပါတယ် ။ ။
