-ဒီရဲကျော်ဇော်/People’s Spring
နေပြည်တော်စစ်ရုံးချုပ် နှင့် စစ်ကောင်စီ၏အေလာလေတပ်ကိုတော်လှန်ရေူအဖွဲ့များက ဒရုန်းများဖြင့်ယနေ့တိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

Public Service Announcement
“(စစ်ရေးတိုက်ခိုက်မှု)Confirm ပါဗျ။ အသေးစိတ်က ကာကွယ်ရေးက ထုတ်ပြန်ပါလိမ့်မယ်”ဟု PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီက လုံခြုံရေး အမြင့်ဆုံးဆောင်စွက်ထားသည့်နေပြည်တော် စစ်ရုံးချုပ် နှင့် အေလ လေတပ်တို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ရန်မှာ မလွယ်ကူသော်လည်း စစ်ဆင်ရေးကို စနစ်တကျပြင်ဆင်ဆောင်ရွက်ပြီး ဒရုန်းအစင်းရေများစွာဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိ နှင့် နောက်ဆက်တွဲအခြေအနေများကို လူထုနွေဦးက စုံစမ်းနေဆဲ ဖြစ်ပါသည်။
“စစ်ရုံးနေရာကိုပစ်ဖို့ဆိုတာခေတ်မီလက်နက်မျိုးမှရမှာပါ”ဟု စစ်ရေးလေ့လာသူတစ်ဦးကလည်းပြောသည်။

Public Service Announcement
“မနက် ၉ နာရီလောက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ ဒီဘက်မှာက သိပ်ကြားလေ့ မရှိတော့ အားလုံးက ဘာဖြစ်တာလဲ ဆိုတာ တမနက်လုံး အချင်းချင်းလိုက်မေးနေကြတာ။ အခုသိရသလောက်တော့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ လယ်ဝေးဘက်က လူတွေပြောတာတော့ အေလာလေဆိပ်ဘက်ကို စစ်ကား၊ လူနာတင်ကားတွေ တောက်လျှောက်သွားနေတယ်တဲ့။ ထိခိုက်မှု ရှိမယ်လို့ ထင်ပါတယ်” ဟု နေပြည်တော်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။ကျန်ပြည်သူတစ်ဦးက နေပြည်တော်ဧလာလေတပ်ပြေးလမ်းတွင် မိုင်းတွေ့သိရဟုသတင်းကြားရကြောင်းပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က “Congratulations NPT” ဟုဆိုရှယ်မီဒီယာတွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ရေးသားထားသည်။ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ကလည်း “ဒီနေ့ “ဟု ၎င်း၏ဖေစ်ဘွခ်တွင် ယနေ့နံနက်ပိုင်းကရေးသားထားကြသည်ကိုတွေ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီ၏စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာ နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်ဟု အတည်ပြုထုတ်ပြန်လိုက်သည်။
ဧပြီ ၄ရက်မနက်တွင် ပြုလုပ်ခဲ့သည့်အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ တို့ပူးပေါင်းတိုက်လိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Ptop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်သည်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိသေးပေ။
နေပြည်တော်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး နေပြည်တော်လေဆိပ်(အေလာလေဆိပ်)ပျံသန်းလာသော ဒရုန်းလေးစင်းနှင့် ဇေယျာသီရိမြို့နယ်သို့ ဝင်ရောက်ပျံသန်းလာသော ဒရုန်း သုံးစင်း စုစုပေါင်း ဒရုန်းခုနစ်စင်းအား ပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သို့သော် PDFများက နေပြည်တော်တိုက်ခိုက်မှုတွင် ဒရုန်းအစီးရေ ၃၀ကျော်ဖြင့် တိုက်ခိုက်ခဲခြင်းဟု ဆိုသည်။
တော်လှန်ရေးအဖွဲ့များက ယခင်နေပြည်တော်ရှိ လေတပ်နှင့် စစ်ရေးပစ်မှတ်များကိုရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။
