အာဏာခေါင်းဆောင်အိမ် ကိုလည်းတိုက်ခိုက်ခဲ့ပြီးထိခိုက်မှု ရှိ၊ မရှိမသိသေး
စစ်ကောင်စီက ဒရုန်းခုနစ်စင်း ပစ်ချခဲ့ပြီးထိခိုက်မှုမရှိဟု ထုတ်ပြန်
“ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပါပြီ” NUG ကာကွယ်ရေးဝန်ကြီး
မောင်မောင်/People’s Spring
နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ် ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းအစီးရေ ၃၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အသိပေးထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး စစ်ကောင်စီကလည်း အတည်ပြုထားပြီး ထိခိုက်မှုမရှိဘဲ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်းတုံ့ပြန်သည်။
နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု စစ်ကောင်စီက ဆိုသည်။
ယင်းနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ဒရုန်းအစီး ၃၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ရာတွင် စစ် ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်လည်းပါဝင်သည်ဟု ပြောသည်။

Public Service Announcement
“(မင်းအောင်လှိုင်အိမ်)ပါတယ်။ အထိအခိုက် မသိရသေးတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

“မနက် ၉ နာရီလောက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ ဒီဘက်မှာက သိပ်ကြားလေ့ မရှိတော့ အားလုံးက ဘာဖြစ်တာလဲ ဆိုတာ တမနက်လုံး အချင်းချင်းလိုက်မေးနေကြတာ။ အခုသိရသလောက်တော့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ လယ်ဝေးဘက်က လူတွေပြောတာတော့ အေလာလေဆိပ်ဘက်ကို စစ်ကား၊ လူနာတင်ကားတွေ တောက်လျှောက်သွားနေတယ်တဲ့။ ထိခိုက်မှု ရှိမယ်လို့ ထင်ပါတယ်” ဟု နေပြည်တော်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။
အေလာလေဆိပ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၄ ဦးထိခိုက်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သောဒေသခံတစ်ဦးကပြောသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း” ဒီနေ့ နေပြည်တော်”ဟု ခေါင်းစဥ်တပ်၍ဒရုန်း စစ်ဆင်ရေးနှင့်ပတ်သပ်၍”ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။
ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” စစ်ဆင်ရေးနှင့်ပတ်သပ်၍ ရေးသားထားသည်။
