စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်က ဆိုင်ကယ်နှစ်ယောက်စီးလာသည့် လူငယ်ညီအစ်ကိုနှစ်ဦးကို အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရသောညီဖြစ်သူမှာ ဇူလိုင် ၂၀ တွင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင်လ ၁၇ ရက် ည ၇ နာရီခွဲ အချိန်တွင် မုံရွာမြို့ ဆည်မြောင်းလမ်း၌ အကြမ်းဖက်စစ်တပ်က အလုပ်ကိစ္စဖြင့် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာသည့် ညီအစ်ကိုနှစ်ယောက်အား အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ရာညီဖြစ်သူ အသက်၂၀ နှစ်မောင်ဝင်းညွှန်လွင်ဆိုသူ ကွယ်လွန်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
“အဲဒီနေ့က ညကြီး ညီအကိုနှစ်ယောက်အလုပ်ကိစ္စတစ်ခုနဲ့ ဆိုင်ကယ် နှစ်ယောက်ပိုးစီးပြီး အပြင်သွားကြတာ၊။ အဲဒီမှာအကြမ်းဖက်စစ်ွေးတွေက လူငယ်နှစ်ယောက် ဆိုင်ကယ်တစ်စီးတည်းစီးလာတာမြင်တော့ကြောက်အားလန့်အားနဲ့ လှမ်းပစ်တာ ညီဖြစ်တဲ့ ဆယ်ပိုအသက်(၂၀)နှစ်ရဲ့ လည်ပင်းကိုကျည်ဖောက်သွားတာဗျ။ အဲ့အချိန်မှာ အကိုဖြစ်သူကတော့ပြေးနိုင်လို့ လွတ်တယ်။ စစ်ွေးတွေက ဆိုင်ကယ်နဲ့ ညီဖြစ်တဲ့ ဆယ်ပိုကို နမခစစ်ဆေးရုံကိုခေါ်သွားတယ်။ဆေးရုံရောက်တော့ဆယ်ပိုအောက်ပိုင်းကလှုပ်မရတော့ဘူးတဲ့ဗျ။ဒီနေ့(ဇူလိုင် ၂၀ )တော့ ဆယ်ပိုသေသွားပြီဗျ။”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးဖေစ်ဘွခ်စာမျက်နှာသို့ ပြည်သူတစ်ဦးကဖြေကြားကြောင်း ဖော်ပြထားသည်။
“အဲ့နေ့ညက သူတို့ညီအကိုနှစ်ယောက်စီးတဲ့ဆိုင်ကယ်ကလည်း သူတို့အပိုင်မဟုတ်ဘူး ငှားစီးသွားတာ။အခု အဲ့ဒီ ဆိုင်ကယ်ကိုပါ စခတွေက သိမ်းလိုက်ပြီတဲ့ဗျာ။အမေဖြစ်သူကတော့ တစ်ပူကနေနှစ်ပူပေါ့ဗျာ။ သားဖြစ်သူအတွက်က တစ်မျိုး၊ဆိုင်ကယ်အစားပြန်ပေးဖို့ကတစ်မျိုးနဲ့။”ဟု ဒေသခံတစ်ဦးကပြောသည်။
ဆိုင်ကယ်မှာ ကလစ်အမျိုးအစားဖြစ်ပြီး ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိကာ စစ်ကောင်စီတပ်ထံပြန်တောင်းရာ နောင်မှအကြောင်ပြန်မည်ပြောပြီး ပြန်မပေးသေးကြောင်းဒေသခံအချို့ကပြောသည်။
မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
