စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဇူလိုင်၁၉ရက် အာဇာနည်နေ့က မြို့ပေါ် စစ်ဆေးရေးနှစ်ကြိမ်ပြုလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်က မုံရွာမြို့ ကျောက္ကာလမ်း မိုးကောင်းဘုရားအနီးတွင် တပ်စွဲထားသော ခရီးသွားပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။
ထို့အပြင် ထိုနေ့ည ၇ နာရီသာသာခန့်ကလည်း ဆည်မြောင်းလမ်းအတွင်း ရပ်ထားသော စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးအား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထပ်မံအသိပေးသည်။
ယမန်နေ့ညနေပိုင်းက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မုံရွာမြို့ ချင်းတွင်းရတနာစျေး နှင့်မြို့လယ်နာရီစင်တို့တွင် တော်လှန်ရေးဘန်နာ စာတန်းများ ချိတ်ဆွဲတော်လှန်ခဲ့ကြသည်။
ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။
