ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ သံတောင်မြို့နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင် ၁၇ရက်နှင့် ၁၈ရက်များ၌ သံတောင်မြို့နယ် မိအိကြီးဒေသ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ခဲ့သည် ဟုဆိုသည်။
“ကျသွားတဲ့ ၂၁ဦးထဲမှာစစ်ကြောင်းမှူးတစ်ယောက်ပါသွားတယ်။ စစ်ကြောင်းမှူးကတစ်ခါတလေ တပ်ရင်းမှူးလည်း စစ်ကြောင်းမှူး ကိုင်တာပဲလေ။ တစ်ခါတလေ ဒုရင်းမှူးလည်း စစ်ကြောင်းမှူး ကိုင်တာပဲ”ဟု တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ဒေသတွင်းရှိ ကျေးရွာ ၅ရွာမှ ဒေသခံများထွက်ပြေး တိမ်းရှောင် ရကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်များသေဆုံးမှု၊ ဒေသခံများထွက်ပြေး တိမ်းရှောင်ရမှု အားလုံး သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များဖြစ်သည်ဟု တပ်မဟာ(၂)တာဝန်ရှိသူက ပြောသည်။
“ပြောချင်တာက မင်းအောင်လှိုင်က အာဏာမသိမ်းရင် ဒါတွေမဖြစ်လာနိုင်ဘူး။ မင်းအောင်လှိုင် အုပ်စုပေါ့။ ပြောရင်တော့ ကြာအုံးမယ်။ အတိုချုံးပြောရရင် မင်းအောင်လှိုင်မှာ တာဝန်အများကြီး ရှိတယ်”ဟု ၎င်းက ပြောသည်။
