စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း BLACK ARMY DPY PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ၂၁ရက်) မွန်းလွဲ ၁နာရီခန့်က ရေဦးမြို့ အ.ထ.က အမှတ်(၁) ပညာရေးမှူးရုံးအနီး၌ အများပြည်သူအား ငွေညှစ်တောင်းခံလျက်ရှိသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား ရွှေဘိုခရိုင်တပ်ရင်း-၂၁ ၏ တပ်စုအသစ် ငှက်ဖြူညီနောင် အဖွဲ့တော်သားက မိုင်းနှစ်လုံးဖြင့် အသင့်ပြင်ဆင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK ARMY DPY PDF၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားနှစ်ဦး ထိခိုက်သေဆုံးကာ ယာဥ်များ ရှုပ်ထွေးသွားစဥ် တပ်စုအသစ် ငှက်ဖြူညီနောင်အဖွဲ့တော်သားများ ဆုတ်ခွာနိုင်ခဲ့သည်ဟု BLACK ARMY DPY PDF က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဇူလိုင်၂၀ရက်) ည၁၁နာရီခွဲခန့်က စစ်ကောင်စီတပ်သားများသည် ကား ၄စီးဖြင့် ရေဦးမြို့နယ်၊ သံသည်ရွာဘက် ထွက်လာပြီး ချောင်းဆုံ၊ ထန်းဘဲလှရွာ များဘက်သို့ဦးတည်ကာ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ရေဦးနယ်အနောက်ခြမ်းရွာများမှ ပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
