မုံရွာ-မန္တလေးလမ်း ပေါ်တွင်စစ်ကောင်စီတပ်အား တစ်ရက်ထဲ လေးကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးစစ်သား ၁၄ ဦးခန့်သေဆုံးနိုင်ကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက ယနေ့သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းကစစ်ကိုင်းတိုင်း မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းနှင့် ကားတစ်စီးအား ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြား၌ CHU PDF တပ်ခွဲ (၁) နှင့် တပ်ခွဲ( ၄) မိုင်းတပ်ခွဲ၏ ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်းဖော်ပြထားသည်။ မိုင်းထိခဲ့သည့် ကားမှာ ပျက်စီးသွားပြီး ကရိန်းဖြင့် ဆွဲယူသွားကြောင်းသိရသည်။
ဒဏ်ရာရရှိသူများကိုလူနာတင်ယာဥ်နှစ်စီးဖြင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ စစ်ဆေးရုံသို့ ပို့ဆောင်သွားသည်ဟုပါရှိသည်။
ထို့အပြင် ဇူလိုင်၁၉ ရက် နေ့လယ်ပိုင်းတွင်လည်း အောင်ချမ်းသာဇရပ်ပေါ်၌ စုထိုင်ကာနားနေကြသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ဦးကို Chu PDF တပ်ခွဲ ၄ မိုင်းတပ်ခွဲ၏ ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးလုံးသေဆုံးသွားကြောင်းဆိုသည်။ထိုအလောင်း ၆ လောင်းနှင့်လက်နက်များအား နံဘေးရှိ ကားလမ်းပေါ်မှ အကြမ်းဖက်စစ်သား ၁ဝ ဦးခန့်က လာကောက်ချိန်တွင်ဇရပ်အနီး၌ ရှေ့ထွက်မိုင်း ၃လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း CHU PDFက ထပ်မံအသိပေးသည်။
အလားတူနေ့လယ်ပိုင်းတွင်ပင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကား ၁၄ စီးကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် CHU PDF တပ်ခွဲ ၄ မိုင်းတပ်ခွဲ၏ ရဲဘော်များက ပဒေသာမိုင်း၂လုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ တိုက်ခိုက်ခဲ့သည့်နေရာတွင် သွေးကွက်များနှင့် ကားမှန်အပိုင်းအစများ တွေ့ရှိရကြောင်းထုတ်ပြန်ခဲ့သည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ CHU PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တလေး-မုံရွာကားလမ်းပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရးပေါ်သတိပေးချက်ထုတ်ပြန်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
