ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၂၁ ရက်) နေ့လည် ၃ နာရီ မိနစ် ၂၀ခန့်က စတင်ခဲ့သည့်တိုက်ပွဲကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း(၂) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) -B03တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲချိန် ၁နာရီခန့်အတွင်း စစ်ကောင်စီဘက်မှ ၉ ဦးခန့်ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး တိုက်ပွဲပြင်းထန် ခဲ့ကြောင်း အသိပေးသည်။
အထိနာနေသော စစ်ကောင်စီတပ်က ဖယ်ခုံမြို့ စကခ-၇မှ လက်နက်ကြီးပစ်ကူ အဆက်မ ပြတ်ပစ်ကူပေးခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
