စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။
ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်သား စည်သူအောင်သည် ညောင်ပင်ဝန်းကျေးရွာဈေးအတွင်း ဈေးဝယ်ရန်တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးက သတင်းထုတ်ပြန်သည်။
ရဲတပ်သားစည်သူအောင်၏ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ညောင်ပင်ဝန်းရဲစခန်းသည် မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်း ကျေးရွာတွင် တည်ရှိပြီး အဆိုပါစခန်းရှိ အကြမ်းဖက်အုပ်စုသည် ခရီးသွားပြည်သူများအား မကြာခဏဖမ်းဆီး၊စစ်ဆေး ၊ပစ်ခတ်ခြင်း၊ ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
