စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်အတွင်းရှိ PDF တပ်ဖွဲ့ခွဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စခန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Aung San Generation က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင် ၁၇ရက်) နံနက် ၇ နာရီခန့်က အင်အား ၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘုတလင်နယ်အတွင်း စခန်းချထားသော Aung San Generation၏ တပ်ဖွဲ့ခွဲစခန်းအား လက်နက်ကြီး။ လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီတပ်များက စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ (ပိုက်ဆံ၊ ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင်)များစွာ ဆုံးရှုံးခဲ့ရသည်ဟု Aung San Generation အဖွဲ့က ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့ပြီး စခန်းအတွင်းရှိ မိုင်းများခွဲရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း Aung San Generation ရဲဘော်များမှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
Aung San Generation အဖွဲ့သည် မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အခြေစိုက် ဒေသတွင်းအခြားPDFအဖွဲ့များနှင့်ပါ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည်။
