●စစ်တပ်ရော၊ တော်လှန်ရေးကိစ္စများနှင့်ပါကင်းရှင်းပြီးစွပ်စွဲပုပ်ခတ်မှုများကိုငြင်းဆိုကြောင်းIBECဆရာတော်တုံ့ပြန်
●IBEC ဆရာတော်သည်တက်လာသောအုပ်ချုပ်သူကိုပြေးကပ်လေ့ပြီး၊မလိမ့်တပါတ်ဖြင့်စစ်တပ်လော်ဘီလုပ်ပေးနေဟုသံဃသမဂ္ဂ(မန္တလေး)အဖွဲ့ ကလည်းထုတ်ပြန်
စစ်ကိုင်းမြို့ရှိ IBEC ဆရာတော်သည်အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကြောင့် ပေါ်ပေါက်လာသောလူထုတော်လှန်ရေးနှင့် ပညာရေး CDM လှုပ်ရှားမှုအား ပုံဖျက်ကာ၎င်း၏ကျောင်းတွင် ဝါဒဖြန့်နေကြောင်း စစ်ကိုင်းမြို့နယ်လုံဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ (BESU-SGG)က သတင်းထုတ်ပြန်သည်။
ကျောင်းဖွင့်မှုနှင့်ပတ်သက်၍ သမဂ္ဂက ယခင်ပညာသင်နှစ်တွင် IBEC ဆရာတော် ဦးသောဘိတထံ နှစ်ကြိမ်တိုင်အိတ်ဖွင့်ပေးစာပို့ ကန့်ကွက်ခဲ့သော်လည်း ဆရာတော်သည် ကျောင်းသားကျောင်းသူများထံ တော်လှန်ရေးနှင့် ပညာရေးသပိတ်အား ပုံပျက်စေသောအဓိပ္ပာယ်များဖြင့် ဝါဒဖြန့်နေခဲ့ကြောင်း စစ်ကိုင်းကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပညာရေးသည် လူ့အခွင့်အရေးဖြစ်၍ ကျောင်းဖွင့်မှု၊ မဖွင့်မှုအပေါ် ပြင်းထန်သော ဘောထားမပေးလိုသော်လည်း တော်လှန်ရေး၏ ရပ်တည်ချက်များကို ဤသို့ဝါဒဖြန့်ပြောဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်နေသည်ဟု စစ်ကိုင်းကျောင်းသားသမဂ္ဂ၏ စုံစမ်းရေးကော်မတီက အစီရင်ခံသည်ဟု ဆိုထားသည်။
တော်လှန်ရေးသမားများက လက်နက်ကိုင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်နေကြောင်း၊ ဗုဒ္ဓဘာသာအား ပျက်စီးစေရန်ကြံပျက်စီးစေရန်ကြံစည်နေကြောင်းနှင် ပညာရေးနယ်ပယ်၌CDM ပါဝင်ရေး လှုံ့ဆော်နေကြသူများသည် လူ့အခွင့်အရေး ချိုးဖောက်နေသယောင် ပြောဆိုထားပြီး ဘာသာရေးဆိုင်ရာ ထိလွယ်ရှလွယ်အသုံးနှုန်းများပါဝင်နေကြောင်း BESU-SGGက အသိပေးသည်။
သမဂ္ဂ၏ မူဝါဒရေးရာကော်မတီက “မိမိတို့သည် တော်လှန်ရေး၏ ဘေးထွက်ဆိုးကျိုးအဖြစ် ပေါ်ပေါက်လာသော လက်နက်ကိုင် လူ့အခွင့်ရေးချိုးဖောက်မှုများ၊ မလိုလားအပ်သော အကြမ်းဖက်မှုများကို လက်မခံသော်လည်း တော်လှန်ရေးနယ်မြေ အများအပြားတွင် လူထုကိုအခြေခံကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေကြပြီး အချို့ဒေသများတွင် ကျေးရွာများ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော ပြည်သူလူထုကိုယ်တိုင် ခုခံတွန်းလှန်စစ်အတွက် ရွှေငွေလက်ဝက်များ လှူဒါန်းခဲ့ကြသည့် သာဓကများရှိသည့်အတွက် IBEC ဆရာတော်၏ ပြောဆိုချက်သည် ယေဘုယျမကျ၊ လက်တွေ့မကျ” ဟု ကောက်ချက်ချခဲ့သည်။
အဆိုပါဆရာတော်က ၎င်း၏ပညာရေးယန္တရားသည် အစိုးရသြဇာခံမဟုတ်၊ မသက်ဆိုင်ဟု အကြိမ်ကြိမ်ဆိုသော်ငြား ၎င်းတို့သင်ကြား၊ ကျင့်သုံးနေသည်မှာ အစိုးရ၏သင်ရိုး၊ စနစ်များဖြစ်ပြီး ကိုယ်ပိုင်သင်ကြားမှုပုံစံ၊ကိုယ်ပိုင်အာမခံချက် မရှိကြောင်း BESU-SGG၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
IBEC ဆရာတော်သည် ၎င်း၏ ကျောင်းနှင့်ပက်သက်၍ ဝေဖန်မှုများရှိသော်လည်း ကျောင်းအား မဖွင့်လှစ်ရန်၊ ပိတ်သိမ်းရန် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကမျှ အတင်းအကြပ် ခြိမ်းခြောက်ခြင်းမျိုးမတွေ့ရသေးသော်လည်း တော်လှန်ရေးသမားများက ၎င်း၏ ပညာရေးဖော်ဆောင်မှုအား အပြင်းအထန်တိုက်ခိုက်ဝေဖန်နေသယောင်၊ ခြိမ်းခြောက် အကြပ်ကိုင်နေသယောင် ပြောဆိုထားသည်။
“လက်ရှိ ပညာသင်လို့ အဖမ်းခံနေရတဲ့အခြေနေတွေရှိနေတယ်။ ဥပမာအားဖြင့် Kaung For You Education ကိစ္စလိုပေါ့။ ကျနော်တို့မူဝါဒမှာ ကျောင်းတက်နေတဲ့ကျောင်းသားတွေ၊ ကျောင်းဖွင့်နေတာတွေအပေါ် မူအားဖြင့်လက်မခံပေမယ့် ထိပါးစော်ကားခြင်း မရှိဘူး။ IBEC ဆိုရင်လည်း အနယ်နယ်အရပ်ရပ်က အခက်ခဲဖြစ်နေတဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် ကျောင်းသားကျောင်းသူတွေကို ပညာသင်ပေးနေတာ ဝမ်းသာစရာပါ။ အသိမှတ်ပြုရမှာပါ။ ဒါပေမယ့် ပညာရေးရဲ့ အခြေနေကို ယှဉ်ထိုးပြီး သူတို့သင်ကြားမှုပုံစံတွေဟာ အဆင့်အတန်းမမှီဘူးလို့တော့ သတ်မှတ်တယ်။ ဒါပေမယ့် လူ့အခွင့်ရေးချိုးဖောက်တဲ့အထိ ထိပါးစွက်ဖက်ခဲ့ခြင်းမျိုး မရှိဘူး။ အဲ့လိုကိစ္စမျိုးကို လက်လည်းမခံဘူး။ အခု အကြမ်းဖက် စစ်အုပ်စုက CDM ဆရာ၊ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေကို ပစ်မှတ်ထားရန်ရှာနေတယ်။ အဲ့ဒီကိစ္စအပေါ် ဘုန်းကြီးရဲ့ ရပ်တည်ချက်ကဘာလဲဆိုတာ မေးခွန်းထုတ်ရလိမ့်မယ်။ ဥပမာပြောရရင် အခု Kaung For You မှာ ပညာသင်ကြားခဲ့လို့ တိမ်းရှောင်နေရတဲ့သူတွေကို ခိုလှုံခွင့်ပေးရဲလားဆိုတာ မေးရလိမ့်မယ်။ ကျန်တဲ့အယူဆကတော့ တော်လှန်ရေးအယူဆနဲ့ဆိုင်တာပေါ့။ လူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးဆိုတာ စစ်တပ် ဖိနှိပ်မှုတွေကြောင့်ပေါ်ပေါက်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူမဆို လက်နက်နဲ့ လူထုကိုဖိနှိပ်တဲ့ပုံစံမျိုးမဆို ကျနော်တို့ဘက်က လက်ခံဖို့မသင့်ဘူး။ ဒါပေမယ့် ပြောရလောက်တဲ့ထိ လွှမ်းခြုံမှုသိပ်မရှိဘူး။ လက်နက်ကိုင် စိုးမိုးမှုရဒေသတွေမှာလည်း စစ်တပ်က မီးရှို့တာ ဖိနှိပ်တာတွေခံရတဲ့ကြားက ပညာရေးတွေ ဖော်ဆောင်နေတာ အများကြီးရှိတယ်။ မတည်ငြိမ်မှုတွေကြားမှာ ပညာသင်ကြားရင်း စစ်ကျွန်စနစ်ကိုအံတုနေကြတာတွေပါ။ ဒီလိုမီးရှို့ခံနေရတာတွေ၊ ဖိနှိပ်ခံနေရတာတွေအပေါ် အံ့သြစရာကောင်းလောက်အောင် ဘုန်းကြီးရပ်တည်ချက် မတွေ့ခဲ့ရဘူး။ စောင်ခြုံထဲက လက်သီးဆုပ်ပြနေမယ့်အစား မြေပြင်အခြေနေကို ကွင်းဆင်းကြည့်ရှုဖို့တော့ တိုက်တွန်းချင်တယ်” ဟု စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ မူဝါဒရေးရာကာ်မတီ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
IBEC ဆရာတော်သည် ၎င်း၏ကျောင်း စတင်ဖွင့်လှစ်ချိန်မှစ၍ အလားတူပြောဆိုမှုများ ရေးသားဖြန့်ဝေမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လူထုတော်လှန်ရေးအား ပုံဖျက်လျက်ရှိကြောင်း BESU-SGGက ဆိုထားသည်။
စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင်ဟုဆိုသည့် ဆရာတော်ဦးသောဘိတသည် ယခင်NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက်အား ချေပကာကွယ်မှုတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အထိလိုက်ပါ ဝန်းရံခဲ့သူဖြစ်သည်။
▪︎IBECဆရာတော်တုံ့ပြန်မှု
IBEC ဆရာတော်ကလည်း နွေဦးတော်လှန်ရေး သံဃကွန်ရက်၏ စွပ်စွဲပုတ်ခတ်မှုကို ငြင်းဆိုကြောင်း ယနေ့(ဇူလိုင်လ၁၆ရက်) ညနေမှာပင် သဘောထားကြေညာချက် ထုတ်ပြန်သည်။
IBEC ဆရာတော်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ငြိမ်းချမ်းရေးသံတမန် ရဟန်းတော်တစ်ပါးဖြစ်သည့်အတွက် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ထံသို့လည်းကောင်း၊ ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် အမေရိကန်အစိုးရထံသိစေရန် National Democratic Institute(NDI)ဥက္ကဋ္ဌ မစ္စတာဒဲရစ်မစ်ချယ်ထံသို့လည်းကောင်း လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးတင်ပြခဲ့သည်ဟုဆိုသည်။ထိုသို့တင်ပြရာတွင် ဘက်မပါသောမြေပြင်အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်ဟုဆိုသည်။
IBEC တည်ထောင်သည့် (၁၅) နှစ်တာကာလခရီးတွင် မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းမရှိသလို မည်သည့်အာဏာရှင်ကိုမျှ အားပေးထောက်ခံခြင်း မပြုခဲ့ကြောင်း၊ ပညာရေး ငြိမ်းချမ်းရေး ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးနှင့် လူသားအကျိုးငှါသာ ဆောင်ရွက်ခဲ့ ဆောင်ရွက်ဆဲ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
၎င်းအား မန္တလေးမြို့ မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသနှင့် နွေဦးတော်လှန်ရေး သံဃာတော်များ၊ လူပုဂ္ဂိုလ်များက အမည်တပ်၍ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ IBEC ကျောင်းတော်သည် ခေတ်အဆက်ဆက် တိုင်းပြည်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး ကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပြီးမည်သည့်အဖွဲ့အစည်းများ၏ နိုင်ငံရေးအရောင်ဆိုးခြင်းကို လက်မခံဟု ဆိုထားသည်။
IBEC ကျောင်းတော်သည် စစ်တပ်နှင့်သော်လည်းကောင်း၊ နိုင်ငံရေး ၊တော်လှန်ရေးကိစ္စများနှင့်သော်လည်းကောင်းကင်းရှင်းပါကြောင်းနှင့် ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်လျှက်ရှိပါကြောင်း အများသူငှါသိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် အသိပေးသည်။
လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်များကို အကြောင်းမဲ့ဖျက်စီးသတ်ဖြတ်ခြင်းများကို မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟုIBECဆရာတော်ကရေးသားထားသည်။
▪︎သံဃသမဂ္ဂ(မန္တလေး)အဖွဲ့၏ ထုတ်ပြန်ချက်
သံဃသမဂ္ဂ(မန္တလေး)အဖွဲ့ကလည်း IEEC ဆရာတော်နှင့်ပတ်သပ်၍ ဆရာတော်အရှင်ရဋ္ဌပါလ၏ ရေးသားမှုကို ယနေ့ထုတ်ပြန်သည်။
IBEC ဆရာတော်သည် ငြိမ်းချမ်းရေးအသံကောင်းဟစ်လျက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ဖက်ဆစ်စစ်တပ်နှင့် တစ်တန်းတည်းထားကာ အကြမ်းသမားများဟု လှည့်လည်ဝါဒဖြန့်နေသည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည့်စာတွင် အရှင်ရဋ္ဌပါလက ရေးသားသည်။
၎င်းသည် တက်လာသည့်အုပ်ချုပ်သူအား ပေါင်းတတ်သင်းတတ်ပြီး NLDအစိုးရလက်ထက်ကလည်း NLDအမတ်များတာဝန်ရှိလူကြီးများကိုကပ်ပြီးဒေါ်အောင်ဆန်းစုကြည်ထံ ချည်းကပ်ခဲ့ကြောင်း၊ စစ်အာဏာရှင်များ အာဏာသိမ်းချိန် စစ်တပ်ပြေးကပ်ပြန်သည်ဟု ဆိုထားသည်။
ပညာရေးလိုလို ငြိမ်းချမ်းရေးလိုလို ဟန်ပြပြီး စကစကိုပလူးပလဲလုပ်ထောက်ခံပြန်သည်ဟုဖော်ပြသည်။
ထို့ကြောင့် ကျွန်းလှဒေသခံများက IBEC ဆရာတော်အား စစ်အာဏာရှင်အားပေးဦးသောဘိတ အလိုမရှိဆိုသည့်စာများ ဓာတ်တိုင်မှာကပ်ပြီး ဆန့်ကျင်ခဲ့ကြကြောင်း၊ သူတည်ထောင်သည့် ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်က ဝေယျာဝစ္စအဖွဲ့များ ဆွမ်းချက်အဖွဲ့များကလည်း သပိတ်မှောက်ခဲ့ကြကြောင်း၊ ဆွမ်းဆန်ထောက်ပံ့နေတဲ့အလှူရှင်များဆွမ်းကပ်အဖွဲ့များလည်း သိသိသာသာလျော့နည်းသွားသည်ဟုသိရကြောင်း အရှင်ရဌပါလကမိန့်သည်။
ငြိမ်းချမ်းရေးဆုဆိုသည်လည်း အကြံဖန်လုပ်ရယူထားခြင်းဖြစ်ပြီး ဆွီဒင်နိုင်ငံကပေးသည်လည်းမဟုတ်၊ NGO အဖွဲ့စည်းတစ်ခုနှင့် လက်ဝါးရိုက်ကာ ရယူထားခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂကခန့်သည်လည်းမဟုတ်၊ သူ့ဘွဲ့ရှေ့ပါဒေါက်တာဘွဲ့သည်လည်း အိန္ဒိယကငွေပေးယူထားခြင်းဖြစ်ကြောင်း မိန့်ဆိုထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJသွားပြီး တရားရင်ဆိုင်တော့လည်း သူလိုက်ပါဝန်းရံပြီး စာအုပ်ထုတ်ကာ ဒေါ်စုနာမည်ကိုအသုံးချခဲ့သည်ဟုလည်းပါရှိသည်။
“ခု သူက VOA၊ RFA စတဲ့အင်တာဗျူးတွေမှာ ငြိမ်းချမ်းရေးအသံကောင်းဟစ်ပြီး သူ့အဘတွေအကြိုက် နွေဦးတော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးပမ်း လာသည်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ပြည်သူကိုသတ်ဖြတ်နေတဲ့အကြမ်းဖက်တွေဆိုပြီး ဖက်ဆစ်တပ်နဲ့တစ်တန်းစားတည်းထားကာ လိမ်ညာ ဝါဒဖြန့်နေသည်၊ သူ့ကိုယ်သူ ဘယ်ဘက်မှမပါတဲ့ငြိမ်းချမ်း ရေးသံတမန်ဟု အရှက်မရှိသုံးနှုန်းသည်၊ အကြမ်း ဖက်စစ်တပ်က မတရားအာဏာသိမ်း ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ် ရပ်ရွာတွေမီးရှို့နေတာတွေကို တစ်လုံးတစ်ပါဒမှမဟဘဲ မမြင်ယောင်ဆောင်နေသူက ခုမှ ကောက်ကာငင်ကာ ငြိမ်းချမ်းရေးစကားပြောလာတာက ရိုးသားမှုမရှိကြောင်းပေါ်လွင်နေသည်၊ ဒါ့ကြောင့် ပြည်သူများအနေနဲ့ ဒီ IBEC သောဘိတဆိုတာ စစ်အာဏာရှင်တွေကို မလှိမ့်တပတ်နဲ့ လော်ဘီလုပ်ပေးနေတဲ့ လူလိမ်လူကြွားတောထွက်တစ်ပါးသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့လိုပါသည်။”ဟု အရှင်ရဋ္ဌပါလ၏ ရေးသားမှုကို သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။
