ရန်ကုန်မြို့တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်(LPG)ပြတ်လပ်နေပြီး ဈေးနှုန်းများနှစ်ဆနီးပါးတက်လာကြောင်း ဓာတ်ငွေ့ရည်ဝယ်ယူခဲ့သူများကပြောသည်။
မီးဖိုချောင်းသုံး ဓာတ်ငွေ့ဟူခေါ်သည့် ရေနံသဘာဝဓာတ်ငွေရည်(LPG)သည် အရောင်းဆိုင်များတွင် ယခုရက်ပိုင်း ပြတ်လပ်နေပြီး LPGတစ်ပိဿာကို ကျပ်တစ်သောင်းခန့်ရှိလာသည်ဟု ဝယ်ခဲ့သူများကပြောသည်။
“ဆိုင်တွေ ပတ်ပြီးလိုက်ဖြည့်တာ ဆိုင်အားလုံးနီးပါး ပြတ်နေတယ်။ ဆိုင်တဆိုင်မှာတော့ တစ်ယောက်ကို ၃ ပိဿာလောက်ပဲရောင်းပေးလို့ ဝယ်ခဲ့ရတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
ဇွန်လကုန်ပိုင်းက LPGတစ်ပိဿာကို ကျပ် ၅၀၀၀ သာရှိရာမှ ယနေ့(ဇူလိုင်၁၈ )တွင် တစ်ပိဿာကို ကျပ် ၁၀၀၀၀ခန့်ရှိလာပြီး ဈေးနှစ်ဆနီးပါးတက်လာခြင်းဖြစ်သည်။
အချို့ဆိုင်များတွင် ကျပ် ၈၀၀၀ခန့်ဖြင့်ရောင်းချပေးနေသော်လည်း အများစုမှ ကျပ် တစ်သောင်းဝန်းကျင်ဖြင့်ရောင်းချနေသည်ဟု LPGအရောင်းဆိုင်များထံမှသိရသည်။
လက်ရှိတွင် ဆိပ်ကမ်းမှ တင်ပို့နေသည့် LPGသင်္ဘောသည် အခွန်စနစ်နှင့် ဒေါ်လာပေးချေရန် အခက်အခဲများရှိနေခြင်းကြောင့် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ယခုကဲ့သို့ ဈေးကွက်အတွင်း LPGပြတ်လပ်ခြင်းဖြစ်သည်ဟု LPGအရာင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံမှရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုကို ဇူလိုင် ၂၀ ရက်က စတင်ပြီး ပုံမှန်အတိုင်းပြန်လည်တင်သွင်းမည်ဟု ထိုင်းနိုင်ငံမှ ရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်းရောင်းချနေသည့် AwRa ကုမ္ပဏီက ထုတ်ပြန်ထားသည်။
