စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကျေးရွာတစ်ရွာရှိ နေအိမ်များအား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဇွန်လ ၈ရက်)ညနေ ၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတောင်ဘက်၊ ပဒူရွာနှင့် ကံကြီးကုန်းရွာကြားတွင် အင်အားအပြည့်ပါသည့် စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးထိမှန်ခဲ့ကာ ထိခိုက်မှုများကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ထိုကားနှစ်စီးသည် ကျောင်းဖြူရွာတွင် နေအိမ်နှစ်လုံးကို ဖျက်ဆီးပြီး ပစ္စည်းများသိမ်းယူလာပြီးနောက် စစ်ကိုင်းမြို့ဘက်သို့ပြန်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းဖြူရွာမှာ တပ်စွဲထားတယ်လို့လည်း ပြောတယ် ။ မိုင်းက ၈ လုံးလောက်ကွဲတယ်။ အနီးနားက တချို့ရွာတွေကတော့ ကြောက်လို့ထွက်ပြေးကြတာတွေရှိတယ်ကြားတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအများအပြားသို့ စီးနင်းဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။
