မိုးမိတ်ခရိုင်အတွင်းစစ်ဆေးရေးအတင်းကျပ်ဆုံးဖြစ်သည့် စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်းယနေ့မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။
မိုးမိတ်မြို့ဝင်ဂိတ်အနီး တည်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ ၂၂၃ ဂိတ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းတွင်ယနေ့(ဇူလိုင် ၁၃ရက်)နေ့လယ် ၁ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“မြို့အဝင်အထွက် အစစ်ဆေးအကြမ်းဆုံးစစ်တပ်ဂိတ်မှာ ပေါက်ကွဲတယ်။ မြို့မရဲစခန်းလည်း ပေါက်ကွဲတယ်။ ထိခိုက်မှုရှိ၊မရှိတော့ ကျွန်တော်တို့ မသိရဘူး။ လူငယ်တွေ(PDF ရဲဘော်များ)လာလုပ်တာလို့တော့ထင်တယ်” ဟုမြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
မိုးမိတ်ခရိုင်ထွေအုပ်ရုံးတွင် ဇူလိုင် ၁၁ ရက်ကလည်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တစ်ရက်သာခြားပြီး စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။မိုးမိတ်ခရိုင်ထွေအုပ်ရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။
Non CDM ဝန်ထမ်းများအကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ နှုတ်ထွက်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် မိုးမိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် PDF အမှတ်(၁ )စစ်ဒေသ အမှတ် ၅၁၅ PDF တပ်ရင်းက သတိပေးထားသည်။
