အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုနေရာမှ ဖယ်ရှားရန် Justice for Myanmar က ထပ်လောင်းတောင်းဆိုသည်။
ဇူလိုင် ၂၀ နှင့် ၂၁ ရက်များတွင် မော်စကို၌ ကျင်းပမည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင် ရာအစည်းအဝေး အပါအဝင် အခြားအစည်းအဝေးများနှင့် လှုပ်ရှားဆောင်ရွက်မှု အားလုံးမှ မြန်မာ စစ်တပ်ကို ချက်ချင်းဖယ်ရှားရန် JFM က တောင်းဆိုခြင်းဖြစ်သည်။
“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကို အကြမ်းဖက်မြန်မာစစ်ကောင်စီက ရုရှားနှင့်အတူ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပြီး အဆိုပါ အစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ နုတ်ထွက်ထားပြီးဖြစ်သည်။
ကျန်မိတ်ဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အမေရိကန်တို့အနေဖြင့် ဩစတြေးလျ၊ နယူးဇီလန်တို့၏ ဦးဆောင်မှုနောက်ကိုလိုက်ပြီး အစည်းအဝေးမှ နှုတ်ထွက်ရမည့် အချိန်ဖြစ်ကြောင်း JFM က တိုက်တွန်းသည်။
“လူသတ်အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှု ပေးအပ်တာ၊ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွက် နေရာတစ်ခုနဲ့ အခွင့်အရေးတွေ ပေးအပ်တာက နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ဖို့ အကြမ်းဖက်စစ်တပ်ကို ရဲတင်းလာစေခဲ့ပြီး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံကို ကြံရာပါ ဖြစ်စေပါတယ်” ဟု JFM က ထုတ်ပြန်ထားသည်။
