ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီ၏ ဘန်ကာ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြော သည်။
ယနေ့(ဇူလိုင် ၁၄) နံနက် ၆ နာရီခန့်က အမှတ် (၂)လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ ဘန်ကာကို သေနတ်ဖြင့် ၁၀ချက်ထက်မနည်း ပစ်ခတ်ခံခဲ့ရသည်ဟု ဆို သည်။
“မနက်အစော အလုပ်သွားဖို့ပြင်နေတုန်း ကြားတဲ့ သေနတ်သံ ၁၀ချက်ကျော်တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု မြောက်ဒဂုံ (၁၆)ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။
လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက်ရှိ၊မရှိမသိရသေးပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။
အဆိုပါ ဘန်ကာအား မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကို မသိရသေးပေ။
ထို့အပြင် သမိုင်းလမ်းဆုံရှိ ရဲကင်းအပါအဝင် ရန်ကုန်မြို့ရှိ ယာဥ်ထိန်းရဲကင်းအချို့ တိုက်ခိုက်ခံရပြီးနောက် လမ်းဆုံလမ်းခွများနှင့်မီးပွိင့်များတွင် စစ်ကောင်စီတပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် ယခုနှစ်ဆန်းပိုင်းကစ၍ တည် ဆောက်ခဲ့သည်။
သို့သော်လည်း ယခုဖြစ်စဥ်မတိုင်မီကပင် သာကေတနှင့် မရမ်းကုန်းမြို့နယ်ရှိ ဘန်ကာအသစ်များမှာ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သည်။
