တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က ယနေ့ (ဇူလိုင် ၇ရက်) ထုတ်ပြန်အသိပေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လမ်းညွှန်မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)မှ တပ်ရင်း(K)ကို ဗဟိုကော်မတီဦးဆောင်ပြီး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းဟုလည်း ဖော်ပြသည်။

တိုးချဲ့ဖွဲ့စည်းခဲ့သော တပ်ရင်း(K)သည် အဓိဌာန်(၄)ချက်နှင့်အညီ အကြမ်းဖက်စစ်ကောင်စီကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ညီညွတ်စွာလက်တွဲသွားမည်ဖြစ်ကြောင်း အသိပေးသည်။
ဒီးမော့ဆိုမြို့နယ်ရှိ လူငယ်အများစုမှာ စစ်အာဏာရှင်တော်လှန်ခြင်းမှာ မည်သို့အခက်အခဲကြမ်းတမ်းသည်ကို နားလည်ထားသော်လည်း မတရားမှုအား ခုခံတော်လှန်ရာတွင် စိတ်အားထက်သန်မှုကြောင့် တော်လှန်ရေးတပ်သားများစွာ ထွက်ပေါ်လာခဲ့ခြင်းဟု DMO-Local PDF တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်”ဟု ၎င်းက People’ Springသို့ ပြောသည်။
ထပ်မံဖွဲ့စည်းလိုက်သည့် တပ်ရင်းတွင် လူဦးရေ ၂၂၀ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုကြောင့် ဖွဲ့စည်းလိုက်သည့် တပ်ရင်းသစ်အား လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာစသည့် အ ခက်အခဲအမျိုးမျိုးအတွက်ပြည်သူများ၏ ထောက်ပံ့မှုများလိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
