ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)က ယနေ့(ဇူလိုင် ၇)ထုတ်ပြန်သည်။
ယမန်နေ့ည ၈ နာရီခန့်က တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအား မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)နှင့် မဟာမိတ်အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
အဆိုပါ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများသည် အများပြည်သူတို့၏ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆောင်ရွက်နေခြင်းကြောင့် ယခုလိုဖောက်ခွဲတိုက်ခိုက်၍ သတိပေးရခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းရန်စေခိုင်းသည့် တာဝန်ရှိသူနှင့်ဝန်ထမ်းများ၏ အမည်များအား သိရှိထားပြီး ၎င်းတို့၏နေရပ်လိပ်စာများကိုပါ ထပ်မံစုံစမ်းလျှက်ရှိကြောင်း ဖော်ပြသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့အများပြည်သူအားထိခိုက်စေရန်ပြုမူမှုအား ဆက် လက်လုပ်ဆောင် နေမည်ဆိုပါက မည်သူမဆို သတိပေးနေတော့မည်မဟုတ်ဘဲ အသက်အန္တရာယ်ထိခိုက်သည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။
ဇူလိုင် ၁ ရက် ညပိုင်းကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)မှ တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်၊ စျေးသစ်၊ အိုးဘိုအရှေ့၊ အိုးဘိုအနောက်စသည့်ရပ်ကွက်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး၏ နေအိမ်များကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
