စစ်ကောင်စီလက်ပါးစေပျူစောထီးများက အိန္ဒိယနိုင်ငံသားနှစ်ဦးကိုသေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အတွက် အိန္ဒိယပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး၊ ဥပဒေမဲ့ သတ်ဖြတ်မူ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းPDF(တမူး) တပ်ရင်း ၁ က ထုတ်ပြန်သည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သော တမူးနှင့်မိုးရေးမြို့နေပြည်သူများ၏ဆက်ဆံရေးကိုပျက်ပြားစေပြီး၊ မိုးရေးမြို့သို့ စစ်ဘေးရှောင်နေရသည့် မြန်မာနိုင်ငံသားများ၏ စားဝတ်နေရေးအခက်အခဲဖြစ်နေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းဖြစ်သည်ဟုယူဆကြောင်းလည်းဖော်ပြထားသည်။
စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသဘောထားထုတ်ပြန်သည်။


တမူးမြို့နယ်၊စော်ဘွားအင်းရပ်ကွက်၊အမှတ်(၄)ကျောင်းအနီးတွင် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သား တမီးလ်လူမျိုး နှစ်ဦးကို ပျူစောထီးများက ဇူလိုင် ၅ရက် ၊နေလယ် ၁ နာရီခန့်တွင် မြို့လယ်ခေါင်တွင် ဦးခေါင်းကိုပစ်သတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၈နှစ်နှင့် ၃၅ နှစ်အရွယ် အိန္ဒိယ နိုင်ငံသား နှစ်ဦးက သာမန်အရပ်သားများဖြစ်ပြီး တမူးမြို့ရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်စဉ် ပျူစောထီးများက မြို့လယ်ခေါင်တွင် ဦးခေါင်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
“အခုတော့ မိုးရေးမှာ နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ထဲက အပြင်မထွက်ရဲကြဘူး၊ မြန်မာတွေလည်း အဲ့ဘက်ကို မသွားရဲကြဘူးဖြစ်နေတယ်”ဟု တမူးမြို့ခံတစ်ဦးကလည်းပြောသည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့သည့် ထိုအိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်း ပြန်လည်မပို့ပေးသောကြောင့် မိုးရေးမြို့တွင် အိန္ဒိယနိုင်ငံသားများက ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပြီးနောက် စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြသူများက မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။ ထိုပြင် ဆန္ဒပြသူများက မြန်မာဘက်ခြမ်းမှ ဈေးဆိုင်တခုကိုလည်း ကျောက်ခဲများပစ်ခတ်ခဲ့၍ ထိခိုက် ဒဏ်ရာရရှိမှုများလည်းရှိသည်ဟု ဒေသခံများကပြောသည်။
အလားတူ တမူးPDF တပ်ရင်း( ၁)ကလည်း ပျူများက အိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်မှုအတွက်အိန္ဒိယပြည်သူများနှင့်အတူ ဝမ်းနည်းကြောင်းထုတ်ပြန်သည်။
