မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Yesagyo-PDF က ယနေ့(ဇူလိုင် ၆)ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီကျော်က ရေစကြိုမြို့နယ် ရှင်မတောင် တောင်ခြေနှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့လာသော ခလရ(၂၅၈)မှ စစ်ကောင်စီတပ် ယာဥ်တစ်စီးအား ထန်းတိုကျေးရွာနှင့် ချင်းယားကုန်းကျေးရွာကြား မိုင်းလေးလုံးဖြင့် တိုက်ခိုက်ခဲ့ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန် ဒဏ်ရာရသွားသည်ဟု အသိပေးသည်။
“ကားပါ ရစရာမရှိအောင် စုတ်ပျတ်သွားသဖြင့် အခြားကားတစ်စီးရဲ့နောက်ကနေ ကြိုးနဲ့ဆွဲပြီး သံရည်ကြိုစက်သို့ ပို့လိုက်ရပါသည်”ဟု Yesagyo-PDF က ဆိုသည်။
မရှုမလှ အသက်ပျောက်သွားသည့် စစ်သားအလောင်းများကြားမှပင် ဘေးပတ်ဝန်းကျင်များသို့ (၄၀) မမဖြင့် ရှစ်ချက်၊ (၆၀) မမဖြင့်သုံးချက် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးရဲဘော်များ ဘေးကင်းလုံခြုံရာသို့ အထိခိုက်မရှိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
