●K4Uကျောင်းကကျောင်းသားများထံSMS ဖြင့် ဆက်သွယ်ခြင်း၊ခြိမ်းခြောက်ငွေတောင်းခြင်းလုံးဝမရှိဟုရှင်းလင်း
▪︎အကလဗဟိုထုတ်ပြန်ချက်
Kaung For You – Education သည် နွေဦးတော် လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ကြား ကာလအခြေပြု ပညာသင်ကြားရေးကျောင်းတစ်ကျောင်းဖြစ်သော်လည်း ယခုအခါ ကျောင်းသားအချို့၏ အချက်အလက်များ ကျိုးပေါက်လျှက်ရှိခြင်းကို သက်သေများနှင့်တကွ တွေ့ရှိရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ထောက်ပြသည်။
ထို့ကြောင့် ယခုဖြစ်စဥ်အပေါ် K4U မှ တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရန်၊ လုံခြုံရေးကျိုးပေါက်မှုနောက်ကွယ်မှ တရားခံများအား ဖော်ထုတ်အရေးယူပေးရန်၊ K4U ၏ Data Policy နှင့် လုံခြုံရေးအချက်အလက်များအား လူထုထံချပြရန်နှင့် K4Uတွင်တက်ရောက်နေသော ကျောင်းသားများ၏ လွတ်လပ်ခွင့်အား တစ်စုံတစ်ရာချုပ်ကိုင်ခွင့်မပြုရန် စသည့်အချက် (၄)ချက်ကို အ.က.လ ဗဟိုမှ တောင်းဆိုထားခြင်း ဖြစ်သည်။


“Kaung For You-Education အနေနဲ့ ဒီကိစ္စတွေကို လူထုကျေနပ်လောက်အောင် မဖြေရှင်းပေးဘူးဆိုရင်တော့ အကျိုးဆက်က အများကြီး ကြီးသွားနိုင်တယ်။ ဘာလို့လည်းဆိုတော့ တစ်ဖက်မှာ ကြားကာလပညာရေးကျောင်းတွေ အားကောင်းနေတဲ့အချိန်မှာ ဒီလိုမျိုး ကျောင်းတစ်ကျောင်းက ထ ဖောက်လိုက်တဲ့အတွက် ဖက်ဒရယ်ကျောင်းတွေကိုအပ်တာနည်းပြီး စစ်ကောင်စီကျောင်းတက်တဲ့သူတွေများလာမယ်၊ CDM ကျောင်းသားထုလျော့နည်းလာတာမျိုးတွေ ဖြစ်နိုင်တယ်”ဟု အ.က.လ ဗဟိုဥက္ကဋ္ဌ ကိုလူမော်ဟိဏ်းက မှတ်ချက်ပေးသည်။
မိဘဆရာတွေ့ဆုံပွဲတစ်ခုတွင်လည်း K4U ကျောင်းတာဝန်ရှိသူက “လုံခြုံရေးကျိုးပေါက်သည့် ကျောင်းသားက ရာဂဏန်းပဲရှိသည်”ဟု သုံးနှုန်းပြောဆိုခဲ့ရာ ထိုပြောဆိုမှုသည်လုံခြုံရေးချိုးဖောက်ခံရသောကျောင်းသားများအားမလေးစားရာရောက်ကြောင်း အ.က.လ ဗဟို၏ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
▪︎K4U ကျောင်း၏ရှင်းလင်းထုတ်ပြန်ချက်
အထက်ပါ ကျောင်းသားများလုံခြုံရေးချိုးဖောက်ခံရသည်ဆိုသောဖြစ်စဥ်နှင့်စပ်လျဥ်းပြီး K4U ဘက်မှ ဇူလိုင် ၁ ရက်တွင် အသိပေးထုတ်ပြန်ချက်တစ်ခုထုန်ပြန်ရာတွင် ယခုအခါ ဖြစ်ပေါ်နေသော အခြေ အနေအရပ်ရပ်အပေါ်တွင် ကျွန်ုပ်တို့ ကျောင်းအနေနှင့် အထူးအားထုတ်စုံစမ်းမှုများ ပြုလုပ်လျက်ရှိပါသည်ဟု ဖော်ပြသည်။
“စတင်သိရသည့် လွန်ခဲ့သော ရက်သတ္တပတ်ကတည်းကဝန်ကြီးဌာနသို့လည်းတင်ပြဆွေးနွေးကာလက်ရှိအခြေအနေအထိ စုံစမ်းစိစစ်လျက်ရှိပါသည်”ဟုဆိုသည်။
ထို့အပြင် ကျောင်းအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ message ဖြင့် ဆက်သွယ်အ ကြောင်းကြားခဲ့ခြင်း၊ အလှူငွေထည့်ရန် message ပို့ခြင်းမျိုး လုံးဝမပြုလုပ်ခဲ့ပါဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းသို့ဖော်ပြသည့်တိုင် မိဘပြည်သူများအနေဖြင့်စာပို့လာသောဖုန်းများကိုblockလုပ်ထားရန်နှင့်မိမိတို့လက်ရှိအသုံးပြုသောsimကိုလုံခြုံရေးအရလဲလှယ်အသုံးပြုပါရန်မေတ္တာရပ်ခံအပ်ပါသည်ဟုပန်ကြားထားသည်ကိုလည်းတွေ့ရသည်။
“စိတ်အနှောက်အယှက်ဖြစ်စေရသည့်အတွက်ကျွန်ုပ်တို့ကျောင်းအနေဖြင့် မိဘပြည်သူများကိုအနူးအညွတ်တောင်းပန်အပ်ပါသည်”ဟုလည်း K4U မှ ဖော်ပြထားသည်။
▪︎ကျောင်းသားအချို့အချက်အလက်များပေါက်ကြားမှု
အဆိုပါကျောင်းတွင် ကြားကာလပညာရေးအတွက်ကျောင်းအပ်နှံခဲ့သော ကျောင်းသားအချို့၏ အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ်နှင့် မိဘများ၏ မှတ်ပုံတင်နံပါတ်များမှာ ဇူလိုင် ၁ ရက် မတိုင်မီကတည်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပေါက်ကြားခဲ့ရာ ဝေဖန်မှုများရှိခဲ့သည်။

ကျောင်းကထိုပြသာနာကိုသေချာမဖြေရှင်းပေးဘဲ ဆင်းကတ်များကိုလဲပါဟုပြောယုံဖြင့်မလုံလောက်ကြောင်း၊ကျောင်းသားမိဘအချို့ SMS မှဆက်သွယ်လာသောဖုန်းနံမှတ်သို့ ကျောင်းသားကိုယ်ရေးအချက်အလက်များပေးထားမိ၍စိုးရိမ်နေရပြီဖြစ်ကြောင်မိဘအချို့ကပြောသည်။

ကျောင်းသားမိဘများသို့ဆက်သွယ်လာသာဖုန်းနံမှတ်များမှာတစ်ခုနှင့်တစ်ခုမတူဘဲ ၊ပထမSMS ပို့ရာတွင် ကျောင်းသားမှာ K4U တွင်စာရင်းသွင်းထားပြီးဆက်သွယ်ရန် SMS ပို့သည်။ဆက်သွယ်လာပါက ကျောင်းလက်ခံရန်ဆိုကာ ကျောင်းသားအမည်၊အတန်း၊အသက်၊လိပ်စာစသောအချက်အလက်များတောင်းသည်။ထိုနောက်ကျောင်းသို့လှူဒါန်းမည့် ၃ လစာကို ၂၄ နာရီအတွင်းလွှဲပေးရန် ၊မလွှဲပေးပါက ဖြည့်သွင်းထားသောအချက်အလက်များကို အင်တာနက်ပေါ်ချပြမည်ဟုခြိမ်းခြောက်ထားသည်။
▪︎အချက်အလက်ပေါက်ကြားမှုဇာစ်မြစ်မသိရသေး
K4U ကျောင်းကကျောင်းသားများကိုSMS ဖြင့်လုံးလုံးမဆက်သွယ်ဟုဆိုသဖြင့် ကျောင်းသားမိဘများ၏ဖုန်းနံမှတ် ကိုမည်သို့သိ့ပြီး SMS ပို့နိုင်သလဲဆိုသည်မှာကျောင်းသားမိဘများကြားမဟေဋိဖြစ်နေသည်။ကျောင်းတွင်သာအဓိကတာဝန်ရှိသည်ဟု ကျောင်းသားမိဘများကပြောနေကြသည်။
စစ်ကောင်စီကအာဏာသိမ်းပြီးနောက် ဖုန်းအော်ပရေတာများကို စစ်တပ်ကထိန်းချုပ်ထား၍ ဖုန်းဖြင့်ပြောဆိုခြင်း၊SMS ဖြင့်ပြောဆိုမှုတို့မှာ စစ်ကောင်စီကစောင့်ကြည့်လိုပါက နည်းပညာအရ စောင့်ကြည့်ရ၍ အရေးကြီးအချက်အလက်များကို ဖုန်းဖြင့်ပြောခြင်း၊SMS မှပို့ခြင်းမပြုလုပ်သင့်ကြောင်းနည်းပညာကျွမ်းကျင်သူအချို့ကပြောသည်။ K4U ကျောင်းနှင့် ကျောင်းသားမိဘများက ဆက်သွယ်ရာတွင် ဖုန်းဖြင့်ဆက်သွယ်မိ၍စစ်ကောင်စီက ခြေရာခံပြီး ကျောင်းသားမိဘများ၏ဖုန်းနံမှတ်သို့ ထိုသို့SMSကပေးပို့ပြီးပြသာနာဖန်တီးလိုပါကနည်းပညာအရလုပ်လိုပါကလုပ်နိုင်ကြောင်းလည်း နည်းပညကျွမ်းကျင်သူတစ်ဦးကပြောသည်။ စစ်ကောင်စီကျောင်းမအပ်သူများကိုသိပါက ၎င်းတို့အမည်နှင့်ဖုန်းနံမှတ်ကို သိအောင်လုပ်ရန်မှာ လွယ်ကူပြီး ၊ထိုနည်းဖြင့် K4U အပ်မည်ထင်သောကျောင်းသားမိဘများထံစာပို့ခြင်းမျိုးလည်းဖြစ်နိုင်ကြောင်းသုံးသပ်သည်။
▪︎ကျောင်း၏တာဝန်ခံ ဖြေရှင်းမှုအပေါ်မေးခွန်းများ
သို့သော် ခြိမ်းခြောက်စာရသောကျောင်းသားမိဘများကစိုးရိမ်နေသော်လည်း ကျောင်းကထုတ်ပြန်ချက်တစ်စောင်ထုတ်သည်မှအပကျောင်းကသေချာဖြေရှင်းပေးခြင်းမရှိသည်ကို ကျောင်းသားမိဘများကမေးခွန်းထုတ်နေသည်။

ထိုကြောင့် အချက်အလက်ပေါက်ကြားမှုမှာကျောင်းမှ ဟုတ်၊မဟုတ်ကိုလည်းသေချာမသိရပေ။ K4U ၏ဖေရ်ဘွခ်စာမျက်နှာတွင်ကျောင်းသားမိဘအချို့က အဆိုပါကိစ္စမေးမြန်းမှုများကို ကျောင်းကဖြေကြားပေးခြင်းမတွေ့ရသလို ၊ယခုရက်ပိုင်းအတွင်းကျောင်း၏ဖေစ်ဘွခ်ပိုစ်များတွင် Comment (မှတ်ချက်)ပိတ်ထားသည်ကိုလည်းတွေ့ရသည်။
“အဲ့တုန်းကလည်း cele တွေ ၊ social influencer တွေအပြင်NUG ကပါ recommend ပေးလို့အပ်လိုက်တာပါ။
အခုတော့တကယ်ကိုငါးပါးမှောက်နေပါပြီ” ဟု SMSမှဆက်သွယ်လာပြီးကျောင်းအပ်ရသေးသည်ဟုပြော၍ကျောင်းသားအချက်အလက်များပေးလိုက်မိပြီး ခြိမ်းခြောက်ငွေတောင်းခံမှုကြုံနေသောကျောင်းသားမိဘတစ်ဦးကပြောသည်။
