ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာ၌ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၃ က ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၄ရက်) နေ့လည် ၁နာရီခန့်တွင် အင်္ဂဘိုဘ်ရွာဆီအုန်းအမှတ်(၂) လေးဒေါင့်ကန်အနီးတွင် PDFတပ်ရင်း(၃) နှင့် KNU/KNLA ပူးပေါင်းတပ်က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
