●ဗိုလ်ကြီးတစ်ဦးအပါအဝင်အများအပြားဒဏ်ရာရဟုဆို
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း SNAKE EYES LPDF အဖွဲ့က ထုတ်ပြန်သည်။
SNAKE EYES LPDF အဖွဲ့တာဝန်ရှိသူက “ဆေးရုံထဲပြည်သူတွေမရှိဘူး။ စကစတွေကတပ်စွဲထားတာ။ မိုင်းကိုသူတို့က ဗိုလ်ကြီးကိုခေါ်ပြဖို့ ယူသွားတာ သူတို့ကြည့်နေရင်း ပေါက်သွားတာဗျ။”ဟု ပြောသည်။
ယနေ့(ဇူလိုင် ၄ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်များတပ်စွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်းသို့ အဆင့်မြင့် အဝေးထိန်းဖောက်ခွဲရေး မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖောက်ခွဲတိုက်ခွဲမှုတွင် အကြမ်းဖက်စစ်သား နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ဦးခန့် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း SNAKE EYES LPDF အဖွဲ့က အသိပေးသည်။
အပြင်းအထန် ဒဏ်ရာရရှိသော ဗိုလ်ကြီးအဆင့် တစ်ဦးနှင့် အလောင်း နှစ်လောင်းကို နေ့လယ် ၃နာရီ ၂၀မိနစ်ခန့်တွင် ရဟတ်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ မြို့ပြစစ်ဆင်ရေးကို SNAKE EYES LPDF၊ Non Profit Soldiers Ye.U နှင့် City Hunter (ပ.က.ဖ ရေဦး)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၇ရက်ကလည်း ရေဦးဆေးရုံဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အားရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
