နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့အမှုတွေကို ဇဗ္မူသီရိအထူးတရားရုံးကနေ နေပြည်တော်အချုပ်ထောင်က တရားရုံးမှာပြောင်းစစ်တော့မယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
လက်ရှိမှာ အမှုတွေကို ဇဗ္မူသီရိအထူးတရားရုံးမှာ စစ်ဆေးနေတာပါ။
နေပြည်တော်အချုပ်ထောင်မှာ အထူးတရားရုံး တည်ဆောက်နေတာ ပြီးစီးပြီဖြစ်လို့ အဲဒီနေရာမှာ ပြောင်းစစ်ဆေးတော့မယ့်အကြောင်း ဒီနေ့ တရားခွင်မှာ တရားသူကြီးက အသိပေးကြေညာခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု တစ်ဒါဇင်ကျော် နဲ့တရားစွဲဆိုထားတာပါ။ ထောင်ဒဏ် လည်း ၁၁ နှစ်ချ ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့နေထိုင်နေတဲ့ ခြံအမှတ် အေ ၃၃ ၊ မြနန်းဘုံသာလမ်း ၊ ဇေယျာသီရိရပ်ကွက် ၊ ဇဗ္ဗူသီရိမြို့နယ် ထဲမှာ လပိုင်း ထိန်းသိမ်းထားခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ နေပြည်တော်ထဲက နေရာတစ်နေရာကိုစစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။
ဒီလိုထိန်းသိမ်းထားတဲ့နေရာကနေ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
