စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ ပြီးခဲ့သည့် သုံးရက်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။
အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့် မော်တိတ်ဒေသအနီး တစ်ဝိုက်တွင် ဇွန်လ ၁၈ရက်မှ ၂၀ရက် အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကသာခရိုင် တပ်ရင်း(၂)အင်းတော်ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၈ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဇွန်လ ၁၈ရက် တိုက်ပွဲဖြစ်စဉ်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးနား ရွာမှ တောထဲရောက်ရှိနေသည့် ကလေး လေးဦးနှင့် လူကြီး တစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
“မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။
သုံးရက်တာ တိုက်ပွဲ၌ လက်နက်ကြီးကျည်ကြောင့် ရဲဘော်တစ်ဦးသာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်များကို အင်းတော်ရဲစခန်းထဲတွင်ဆေးကုသ ပေးနေကြောင်း သတင်းရရှိထားသည်ဟု Indaw Revolution က ဖော်ပြထားသည်။
