ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့ကူးပြောင်းရန် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး ပြည်သူများ ပါဝင်ကူညီကြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
မြေပြင်မှတိုက်ခိုက်ရေးတပ်ခွဲများကိုတပ်ဆင်ထားသည့် လက်နက်များသည် ခုခံကာကွယ်စစ်ကိုသာ စွမ်းဆောင်နိုင်ပြီး တိုက်စစ်ကို မကြာခင် ကူးပြောင်းတော့မည်ဟုဖော်ပြထားသည်။ တိုက်စစ်အတွက် အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့ကို ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်နက်နှင့် စစ်အသုံးဆောင် ပစ္စည်းများလိုအပ်လျက်ရှိသည်ဟုလည်း တပ်ရင်း ၇၀၃ ကအသိပေးသည်။
ထိုကြောင့်တပ်ရင်း ၇၀၃ကဆောင်ရွက်မည့် Fundraising Program များတွင် ပါဝင်ပေးကြရန်လည်းလည်းတပ်ရင်း ၇၀၃ က ပြည်သူများကိုနှိုးဆော်သည်။
“တပ်မဟာ၇ က စစ်ကောင်စီတပ်တွေကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ တပ်မဟာတစ်ခုဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်သား ၄၀
လောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းမှာ တစ်နှစ်အတွင်းမှာ တပ်မဟာ ၇ ရဲ့လှုပ်ရှားမှုတွေက အများကြီးရှိခဲ့ပါတယ်”ဟုတပ်မဟာ ၇ ၊တပ်ရင်း ၇၀၃တပ်ရင်းမှူး စိုးမိုးကပြောသည်။
တပ်ရင်း ၇၀၃ ၏ထုတ်ပြန်ချက်အရ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ လက်သပ်မွေးထားသည့် ပျူစောထီးအဖွဲ့များအများအပြားရှိနေသည်ဟုသိရသည်။
ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လက်နက်ခဲယမ်းမပြည့်စုံသေးသောကြောင့် စစ်ကြောင်း အချို့ကို မတားဆီးနိုင်၍ ဆုံးရှုံးများရှိနေသည်ဟုလည်းသိရသည်။
ထိုကြောင့်စစ်ဘေးသင့်နယ်မြေများကိုအပြည့်အဝထိန်းချုပ်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအစဉ်တစိုက်ကြိုးစားလျက်ရှိသည်ဟု တပ်ရင်း ၇၀၃ ကထုတ်ပြန်သည်။
