မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ စစ်ကိုင်းမြို့သို့ ဆင်းလာသည့် ယာဥ်အစီးရေ ၁၀၄စီးပါသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက် ခိုက်ရာ ကားသုံးစီးထိမှန်ခဲ့ကြောင်း Black Eagle Defence Force က ထုတ်ပြန်သည်။
စစ်ကောင်စီယာဥ်တန်းကို မြင်းမူမြို့နယ်အတွင်းရှိ နေရာသုံးနေရာ၌ စစ်ဆင်းရေးသုံးခုဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ဆင်ရေး(၁)အရ ယနေ့(ဇွန် ၂၁ ရက်) နေ့လယ် ၁နာရီခန့်တွင် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြား တစ်ဖက်ပွင့်ပြောင်း (၅)လုံးဖြင့်တိုက်ခိုက်ရာ၂၅စီးမြောက်ကားအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် စစ်ဆင်ရေး(၂)တွင် နေ့လည် ၁နာရီ ၇မိနစ် ခန့်တွင်လည်း ၎င်းယာဥ်တန်းအား မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာအကြားတွင် မိုင်း (၄)လုံးတွဲ ဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် ၁၃စီးမြောက်ကားအား ထိမှန်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ဆင်ရေး(၃)မှာမူ နေ့လည် ၁နာရီ ၁၈မိနစ်ခန့်တွင် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် မိုင်း(၃)လုံးတွဲဖောက်ခွဲတိုက်ခိုက်မှု အရ၃၅စီးမြောက်ကားအား ထိမှန်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေး(၃)ခုကို မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
စစ်ဆင်ရေးများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ပြန်လည်ပစ်ခတ်သည့် အတွက်အကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့်ဒဏ်ရာရစာရင်းအား အတည်မပြုနိုင်သေးဟု Black Eagle Defence Forceက ပြော သည်။
ယနေ့တိုက်ခိုက်မှုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
စစ်ကောင်စီယာဥ်တန်းများဆင်းလာသည့်အတွက် စစ်ကိုင်း – မုံရွာလမ်းများကို ယနေ့(ဇွန် ၂၁ ရက်) ခေတ္တအသုံးမပြုရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။
