▪️ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်း
ပြည်ပနိုင်ငံအသီးသီးရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ယနေ့ (ဇွန်လ ၁၉) ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့် မွေးနေ့ပွဲကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်ပေးခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နယ်သာလန်နိုင်ငံ ဘရေဒါမြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာများအား ဆွမ်းကပ်လှူဒါန်း ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။




ထို့အပြင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့နှင့် နော်ဝေနိုင်ငံ ဖရိုလန်းမြို့တို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)ပြည့် မွေးနေ့နှင့်အတူ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေရန်နှင့် ချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်စေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများက ဆုတောင်းပေးခဲ့ကြသည်။




ထို့နောက် ဂျပန်နိုင်ငံ တိုကျိုမြို့ Nakahara Peace Park နှင့် တောင်ကိုရီးယားနိုင်ငံ ဖူပြောင်းမြို့ ဖူပြောင်းရင်ပြင် တို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
