မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်က ပြည်သူလေးဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ပြည်သူများ၏ပစ္စည်းများအား အတင်းအဓမ္မလုယက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
အကြမ်းဖက်စစ်တပ်နှင့်ပျူများသည် ဇွန်လ ၁၃ ရက်နေ့က မကျည်းလေးပင်ရွာမှ အိမ်၁၁လုံးနှင့်ကန်နက်ရွာနေအိမ်၁လုံးကို မီးရှို့ကာ ရွာရှိပစ္စည်းများလုယူသွားခဲ့ကြသည်။
ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။



ဇွန်လ ၁၆ရက်နေ့တွင် ကျောက်တောရွာသားတစ်ဦးနှင့် အလုံကြီးရွာသားတစ်ဦးကိုလည်းစစ်ကောင်စီတပ်ကသတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ကုန်းဗလူရွာက ပြည်သူနှစ်ဦးလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ပျူများသည် ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကြောင်း၂ကြောင်း ထိုးကာ ရွာရှည်၊ပြင်သာ၊ကျောက်တော၊လက်ယက်မ၊တောင်ဘို့၊ကန်နက်၊ကုန်းဗလူ၊ထနောင်းဝင်း၊အလုံကြီး၊ကုန်းစင်၊ ကြည့်ကန်ရွာများရှိ ကျေးရွာပြည်သူတို့၏ ပစ္စည်းများကို မြိုင်မြို့သို့ နှစ်ရက်တိုင် ကားများဖြင့်လုယူသယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။


ထို့အပြင်ဇွန်လ ၁၇ ရက်နေ့တွင် မန်ကျည်းလေးပင်ရွာ၌ စစ်တပ်က အထိုင်ချနေပြီး ထနောင်းဝင်းရွာ၊တောင်ပို့ရွာ၊အိုးဘိုရွာ၊ကြည့်ကန်ကျေးရွာသို့ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ တောရွာကျေးရွာမှ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျကာ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
“မြိုင်နယ်မြောက်ပိုင်းမှာ စစ်ကြောင်းအများအပြားနဲ့ကို ထိုးနေတယ်။ ပျူတွေလည်းပါတယ်။ ပြည်သူတွေကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအနေနဲ့ အသုံးပြုနေတာတွေ ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ထိုကြောင့် မြိုင်နယ်မြောက်ပိုင်းရွာများက ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း ဒေသခံတို့က ပြောသည်။

မြိုင်မြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။
ဇွန်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ကန်နီကျေးရွာအားကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အပါအဝင်ညီနောင်မဟာမိတ်များစုစည်း၍ လက်နက်ကြိးအချက် ၃၀ ကျော်ဖြင့် အဝေးပစ်အမြှောက်ကျည်ဆန် ၅၀၀ ကျော်ပစ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
