close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆစ်ဒနီက ဘွန်ဒီ ကမ်းခြေပစ်ခတ်မှုမှာလူ ၁၁ ဦး​သေဆုံးပြီး သေနတ်သမားတဦးလည်း​သေ

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ နာမည်ကြီး ဘွန်ဒီအပန်းဖြေ ကမ်းခြေမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပါတယ်။

ဓါတ်ပုံ-AP ၊AFP ၊ Getty Images

ဒီဇင်ဘာ-၁၄၊၂၀၂၅။People’s Spring

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ နာမည်ကြီး ဘွန်ဒီအပန်းဖြေ ကမ်းခြေမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ဘွန်ဒီကမ်းခြေမှာအကြမ်းဖက်မှုလို့ ယူဆရတဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်တဲ့ သေနတ်သမား နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး အဲဒီထဲက တဦးကတော့ သေဆုံးသွားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အနက်ရောင်တွေ ဝတ်ထားတဲ့ သေနတ်သမားတွေက ကမ်းခြေတဝိုက်မှာ ရှိနေသူတွေကို ပြောင်းတို သေနတ်တွေ အသုံးပြုပြီး ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။မျက်မြင်တစ်ဦးက ပစ်ခတ်မှု ဖြစ်ပွားရာ နေရာတဝိုက်မှာ လဲကျနေသူ ၁၀ ယောက်လောက်ကို တွေ့ခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက ဘွန်ဒီကမ်းခြေကို မှုခင်းဧရိယာအဖြစ် သတ်မှတ် ကြေညာခဲ့ပြီး လတ်တလောမှာ အသွားအလာ မလုပ်ကြဖို့ နှိုးဆော် တိုက်တွန်းထားပါတယ်။ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၂၉ ဦးထက်မနည်းကိုလည်း ဆေးရုံတင်ပို့ထားရပါတယ်။

သေနတ်သမားတွေထဲကတစ်ဦးကို အာမက် အယ်လ် အာမက်ဆိုတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက အလစ်တိုက်ခိုက်ပြီး သေနတ်ကို လုယူနိုင်ခဲ့ပါတယ်။ အာမက် ကိုယ်တိုင်က ကျည်ဆန် နှစ်ချက်ထိမှန်ခဲ့တယ်လို့သတင်းတွေက ဖော်ပြပါတယ်။

ကမ်းခြေမှာ ဂျူးရိုးရာ ပွဲတော်တစ်ခုဖြစ်တဲ့ ဟာနွတ်ခါကို ကျင်းပနေချိန်မှာ အခုလို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဂျူးလူ့အဖွဲ့အစည်းက ပျော်ပျော်ရွှင်ရွှင် စုစည်းနေရမယ့် အချိန်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဆိုးဆိုးရွားရွား တိုက်ခိုက်တာမျိုး ကြုံတွေ့ခဲ့ရကြောင်း ဩစတြေးလျ ဂျူးအမှုဆောင်ကောင်စီ အကြီးအကဲ အဲလက်စ် ရိုင်ဗ်ချင်းက ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ဗီဒီယိုတွေထဲမှာတော့အင်္ကျီအဖြူနဲ့ အမျိုးသား တစ်ဦးက သေနတ်သမားဆီက လက်နက်ကို လုယူခဲ့တာတွေ၊ နေရာအနှံ့ ရုပ်အလောင်းတွေ ပြန့်ကြဲနေတာတွေ၊ ရဲတွေက လူနှစ်ဦးကို ချုပ်နှောင်ဖမ်းဆီးနေပုံတွေကို တွေ့ခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ သေနတ်သမား တစ်ဦးက ဆစ်ဒနီရဲ့ Lindt Caféကို စီးနင်းပြီး လူ ၁၈ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်ရဲ့ ၁၁ နှစ်တိတိပြည့်တဲ့ နှစ်ပတ်လည်မှာ ပေါ်ပေါက်လာတာပါ။ ၁၆ နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်မှာတော့ သေနတ်သမားနဲ့ ဓားစာခံတွေထဲက ၂ ဦး သေဆုံးခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ ၁၉၉၆ ခုနှစ်တုန်းက တက်စ်မေးနီးယားကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ အာသာဆိပ်ကမ်း အစုလိုက်သတ်ဖြတ်မှုအပြီးဩစတြေးလျမှာ အသေအပျောက် အများဆုံးပစ်ခတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကိုလည်း အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး သေနတ်သမား မာတင်ဘရိုင်ယန့်ရဲ့ လက်ချက်ကြောင့် လူ ၃၅ ဦးသေပြီး ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား-ABC

ဆက်စပ်သတင်းများ