close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွင်းဆက် ဖောက်ထွင်းရေးသမားလို့ သံသယဝင်တာ ခံနေရတဲ့ အရက်သမား ရက်ကွန်းဝက်ဝံလေး

အမေရိကန်မှာ အရက်စတိုးထဲ ဖောက်ထွင်းဝင်ပြီး အရက်မူး အိပ်ပျော်နေလို့ လူသိများခဲ့တဲ့ ရက်ကွန်း ဝက်ဝံလေးဟာ အခုအခါ ကွင်းဆက် ဖောက်ထွင်းရေးသမား ဖြစ်လာနေပြီလို့ ရဲတွေက သံသယရှိနေပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်မှာ အရက်စတိုးထဲ ဖောက်ထွင်းဝင်ပြီး အရက်မူး အိပ်ပျော်နေလို့ လူသိများခဲ့တဲ့ ရက်ကွန်း ဝက်ဝံလေးဟာ အခုအခါ ကွင်းဆက် ဖောက်ထွင်းရေးသမား ဖြစ်လာနေပြီလို့ ရဲတွေက သံသယရှိနေပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက ဗာဂျီးနီးယားပြည်နယ်၊ ဟန်နိုဗာ ခရိုင်ထဲက အရက်ပုလင်းတွေ ရောင်းချရာ စတိုးဆိုင်ထဲကို ရက်ကွန်း ဝက်ဝံလေးတစ်ကောင်က ခိုးဝင်ပြီး စင်ပေါ်က ပုလင်းတွေကို တိုက်ချပြီး ခွဲပစ်ခဲ့ပါတယ်။ အဲဒီနောက် ရက်ကွန်းလေးက အရက်တွေကို သောက်ခဲ့မိပြီး အရမ်းရေချိန်လွန်သွားရာက စတိုးဆိုင် အိမ်သာထဲမှာ အိပ်ပျော်သွားခဲ့ပါတယ်။

ဆိုင်ရှင်က အကြောင်းကြားလို့ ဟန်နိုဗာ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတဲ့အခါ အိမ်သာကမုတ်ဘေးမှာ မှောက်လျက်လေး ခြေကားယား၊ လက်ကားယား အိပ်ပျော်နေတဲ့ အဲဒီ သတ္တဝါလေးရဲ့ ဓာတ်ပုံက လူမှုကွန်ရက်တွေမှာ အရမ်း ပျံ့နှံ့ လူသိများသွားခဲ့ပါတယ်။ တာဝန်ရှိသူတွေက အဲဒီ ရက်ကွန်းလေးကို အမူးပြေအောင် သေချာ ပြုစုပေးပြီးတဲ့နောက် သဘာဝအတိုင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပွယောင်းပြီး အစင်းကျားတွေရှိတဲ့ အမြီးကို ပိုင်ဆိုင်ထားတဲ့ ရက်ကွန်းလေးကတော့ သူ့ရဲ့ အကျင့်ကို မပြင်ဘူးလို့ ဆိုပါတယ်။ အရက်စတိုးကို ဖောက်ထွင်းမှုအပြီး အနီးမှာရှိတဲ့ ကရာတေး သင်တန်းတစ်ခုနဲ့ ကားလိုင်စင် ဌာနတွေထဲကိုလည်း ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အစာရှာခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ခြေရာလက်ရာတွေကို ကြည့်တဲ့အခါ အမှုသုံးခုထဲရဲ့ တရားခံဟာ တစ်ဦးတည်း၊ တစ်နည်းအားဖြင့် တစ်ကောင်တည်းလို့ အလေးအနက် သံသယရှိကြောင်း ဟန်နိုဗာ ရဲတပ်ဖွဲ့ရဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဆမန်သာ မာတင်က ပြောပါတယ်။ ရဲတွေကတော့ နောက်ဆက်တွဲ ဖောက်ထွင်းမှုတွေကို အမှိုက်ပန်ဒါကပဲ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပါတယ်။ အမှိုက်ပန်ဒါ ဆိုတာက အရက်နာကျလို့ လူတွေ ပြုစုပြီး ပြန်လွှတ်ပေးခဲ့ရတဲ့ ရက်ကွန်းလေးကို ဒေသခံတွေက ချစ်စနိုးပေးထားတဲ့ နာမည်ပါ။

မာတင်က နောက်ဆက်တွဲ ဖောက်ထွင်းဝင်ရောက်မှုတွေကို ကျူးလွန်တာက တခြားရက်ကွန်း တစ်ကောင်လည်း ဖြစ်နိုင်ပေမယ့် သေချာဆန်းစစ် လေ့လာမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အမှိုက်ပန်ဒါက အဓိက သံသယတရားခံ ဖြစ်လာတယ်လို့လည်း ပြောပြပါတယ်။

ဗာဂျီးနီးယားမှာတော့ ရက်ကွန်းတွေဟာ လူနေရပ်ကွက်တွေထဲက အမှိုက်ပုံးတွေကို ဝင်ရောက်ပြီး အစာရှာဖွေလေ့ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ သတ္တဝါလေးတွေဟာ အရင်ကလိုမျိုး လူတွေကို ကြောက်လန့်ပြီး ရှောင်ရှားတာမျိုး သိပ်မလုပ်တော့ဘဲ လူ့ရပ်လူ့ရွာမှာ ပိုပြီး သက်တောင့်သက်သာ၊ ပိုင်စိုးပိုင်နင်း လှုပ်ရှား အစာရှာတာမျိုး အပြုအမူပိုင်း ဆင့်ကဲ ပြောင်းလဲလာနေကြောင်း သုတေသီတွေက ပြောပါတယ်။

အမှိုက်ပန်ဒါကတော့ ဟန်နိုဗာမှာ လူသိများတဲ့ ရက်ကွန်းလေး ဖြစ်လာပြီး အဲဒီနာမည်စာတန်း ရိုက်ထားတဲ့ တီရှပ်တွေကို ရောင်းချခဲ့ရာမှာ အခုထိ ဒေါ်လာ ၂ သိန်းကျော်လောက် ရရှိထားပါတယ်။ ဒီငွေကြေးတွေကိုတော့ တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာကို အဆင့်မြှင့် ချဲ့ထွင်ရာမှာ သုံးစွဲသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ ရန်ပြုတိုက်ခိုက်လို့ သေဆုံးသူ ဦးရေဟာ နှစ်အလိုက် စံချိန်တင် အရေအတွက်ထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

လေယာဉ်ပြေးလမ်းပေါ် လျှောက်သွားနေတဲ့ ဝက်ဝံတစ်ကောင်ကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

သတင်း

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်‌ ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

သတင်း

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။