ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက အိုမိုရီ ကမ်းရိုးတန်းရဲ့ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်၊ ရေအနက် ကီလိုမီတာ ၂၀ လောက်မှာ ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု ၆.၇ အဖြစ် ကနဦး ကြေညာထားပြီး ကမ်းရိုးတန်း ဧရိယာတွေဆီ ၃ ပေခွဲလောက်ထိမြင့်တဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာနိုင်တယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီ (JMA)က သတိပေး ကြေညာထားပါတယ်။
အခုငလျင် လှုပ်ခတ်တဲ့ နေရာဟာ ဒီဇင်ဘာ ၈ ရက်နေ့တုန်းက ပိုပြီး အားပြင်းတဲ့ မဂ္ဂနီကျု ၇.၅ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ ပင်လယ်ပြင် ဧရိယာနဲ့ တူတူပါပဲ။ အဲဒီတုန်းကလည်း အနီးတဝိုက် ကမ်းခြေတွေဆီ ဆူနာမီလှိုင်းတချို့ ရိုက်ခတ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ငလျင်နဲ့ ဆက်စပ်ပြီး အိုမိုရီနဲ့ ဟော့ကိုင်းဒိုး မြောက်ပိုင်းမှာရှိတဲ့ အီရီမိုမြို့ ကမ်းခြေတွေဆီ ၈ လက်မလောက်မြင့်တဲ့ ရေလှိုင်းငယ်တချို့ ရိုက်ခတ်ခဲ့တာကို တိုင်းတာ ရရှိထားပါတယ်။

Public Service Announcement
အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ငလျင်ဟာ အီဝါတာ ဒေသမှာရှိတဲ့ ကူဂျီမြို့ရဲ့ အရှေ့ဖက်ကမ်းလွန် ၁၃၀ ကီလိုမီတာလောက်အကွာ ရေပြင်ကို ဗဟိုပြုခဲ့ကြောင်း ပြောပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မကြားရသေးပါဘူး။
ဒီဇင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပိုပြင်းထန်တဲ့ ငလျင်ကြောင့်တော့ လူတွေ ထောင်သောင်းချီ အရေးပေါ် ယာယီ ရွှေ့ပြောင်းခဲ့ရပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီငလျင်တုန်းက အဆောက်အအုံတွေ ပြိုကျ ပျက်စီးတာမျိုး မရှိခဲ့ပေမယ့် အမြင့်က ပစ္စည်းတွေ ပြုတ်ကျတာ၊ လမ်းတွေ ပပ်ကြားအက်တာ၊ မှန်ပြတင်းတွေ ကွဲကုန်တာတွေတော့ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ တချို့နေရာတွေမှာ ၂ ပေခွဲနီးပါးလောက်ထိမြင့်တဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။
ကျွန်းစု နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိပြီး အားပြင်းတဲ့ ငလျင်ကြီးတွေနဲ့ အရင်ကလည်း ကြုံတွေ့ဖူးပါတယ်။
၂၀၁၁ ခုနှစ်၊ မတ်လတုန်းက ဂျပန်မှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၉.၀ အဆင့် ကမ်းလွန်ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် လူ ၂၀၀၀၀ လောက် သေဆုံးခဲ့သလို ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေ ထိခိုက်အက်ကွဲပြီး လူ့သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် နျူကလီးယား ကပ်ဘေးသင့်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
ကိုးကား: CNA















































