မတ်-၂၅၊၂၀၂၅။ဟန်နွေ/People’s Spring
စစ်ကောင်စီက နေပြည်တော်တွင် စစ်မတိုက်ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည်။
စစ်ကောင်စီက နေပြည်တော်ရှိ MICC-2 တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နှင့်ထိတွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်နေသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ စစ်ကောင်စီထံတွင်မှတ်ပုံတင်ထားသောပါတီများ ၊ယခင်အစိုးရလက်ထက် MPC အဖွဲ့ဝင်များ ၊လုပ်ငန်းရှင်အချို့စသည်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဥ်ဖြင့် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိသုံးရက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ကဦးဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။
ထူးခြားချက်မှာ ယခုဆွေးနွေးပွဲသို့ လက်ကျန် ၇ ဖွဲ့တွင် အင်အားအကောင်းဆုံးဖြစ်သော RCSS မှ တက်ရောက်ခြင်းမရှိကြောင်း ထိုအဖွဲ့က မီဒီယာအချို့သို့ဖြေဆိုထားသည်။

Public Service Announcement
NCA လက်မှတ်ရေးထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပုံမှန်ထိတွေ့ဆက်ဆံနေသောအဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA -PCငြိမ်းချမ်းရေးကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်သည်။KNU/KNLA -PC သည် စစ်ကောင်စီကို တိုက်ခိုက်နေသော KNU နှင့်မတူဘဲ အင်အားအနည်းငယ်သာရှိသောအဖွဲ့ဖြစ်သည်။
ထို ၇ ဖွဲ့ထဲတွင် PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသည်။ သို့သော် အဖွဲ့မှ ဦးဆောင်နယက ခွန်ဥက္ကာမှာ စစ်ကောင်စီ နှင့် ထိတွေ့ဆက်ဆံနေပြီး၎င်းအပါအဝင်အဖွဲ့ဝင် ၃ ဦးကPNLO-NCA-S ကိုဖွဲ့စည်းကြောင်း ၂၀၂၄အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။ထိုနောက် PNLO/PNLA ဗဟိုကော်မတီကလည်း ၎င်းတို့ သုံးဦးကိုထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင်ကြေညာသည်။ထိုနောက်ပိုင်းတွင်လည်း PNLA မှာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ် နှင့် PNA ပြည့်သူ့စစ်များကိုတိုက်ခိုက်နေသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ PNLO-NCA-S မှာမူ တပ်လက်ကိုင်မရှိဘဲငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်နေခြင်းဖြစ်သည်။
MNSP မှ ခေါင်းဆောင်အချို့မှာလည်း ခွဲထွက်ပြီးမွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ကိုဖွဲ့၍စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည်။
ထိုကြောင့် MNSP နှင့် PNLO-NCA-S ပါဝင်မှုမှာယခင်ကဲ့သို့အပြည့်အဝ မဟုတ်တော့သော်လည်းစစ်ကောင်စီကမူ EAO ၇ဖွဲဟုဆိုနေဆဲဖြစ်သည်။
ထို ၇ ဖွဲ့တွင် RCSS မှာ အင်အားကောင်းပြီးကျန်အဖွဲ့များမှာ အင်အားအနည်းငယ်သာရှိသလို PNLO-NCA-S တွင်လက်နက်ကိုင်တပ်ပင်မရှိပေ။
ထိုကြောင့်အဆိုပါအဖွဲ့များသည်စစ်ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ဆွေးနွေးနေခြင်းဖြစ်သည်။
တဖက်တွင် နိုင်ငံတဝန်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး KIA ၊ KNU ၊ AA ၊ KA ၊ CNA၊ MNDAA ၊ TNLA စသော အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ မြို့များ ၊စစ်တပ်စခန်းများ ၊တပ်ရင်းများ ၊ဌာနချုပ်များကို ထိုးစစ်ဆင်သိမ်းပိုက်နေသည်။
“အခု စကစရဲ့ဆွေးနွေးဖက်တွေက စကစနဲ့ ဘာပြသနာမှ မရှိတဲ့ အဖွဲ့တွေပါ၊ တကယ်တော့အာဏာသိမ်းမှုကြောင့် စကစကို တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမှာလေ။အဲတော့ အခု စကစရဲ့ငြိမ်းချမ်းစွာ အဖြေရှားရေး ချဉ်းကပ်မှုကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး”ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် မှတ်ချက်ပြုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီမှာငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီး လက်တွေ့တွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေသည့် ၎င်း၏ ပြောဆို လုပ်ဆောင်ချက်များကို ခေါင်းထဲ ထည့်မထားကြောင်းပြောသည်။
“ငြိမ်းချမ်းရေးနဲ့ ပါးစပ်ပြောထားပြီး လူထုကို သတ်ဖြတ်နေတဲ့ဟာတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အခါကျတော့ ယုံကြည်မှုတွေအကုန်လုံး ပျောက်သွားပြီးတော့ လူထုက စစ်အာဏာရှင် တိုက်ဖျက်ရေး ဆုံးခန်းတိုင် အရောက်သွားဖို့ လုံးပန်းနေတဲ့အနေအထားပါ။” ဟု ပဒိုစောတောနီးက ပြောသည်။
KNU/KNLA ၊ CNF/CNA တို့မှာ စစ်တပ်အာဏာမသိမ်းခင်က NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်သည်။
”တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့”ခေါင်းစဥ်ဖြင့် နေပြည်တော်တွင်လုပ်နေသောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်းချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန် ၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။
သို့သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်ရှောင်စခန်း၊ဈေး၊ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုးနေသည်။စစ်ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထိုဆွေးနွေးပွဲတွင် EAO လက်ကျန်အဖွဲ့များရော ၊ပါတီများကပါ ဆွေးနွေးပြောကြားခြင်းမရှိကြပေ။
