close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်မက်စီဒိုးနီးယားမှာ နိုက်ကလပ် မီးလောင်လို့ လူ ၆၀ နီးပါး သေဆုံး

ALEXANDROS AVRAMIDIS/REUTERS

လူ ၆၀ နီးပါး သေဆုံးခဲ့တဲ့ နိုက်ကလပ် မီးလောင်မှု အပြီးမှာ လူ ၁၀ ယောက်ကို မြောက်မက်စီဒိုးနီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မတ်လ ၁၆ ရက် မနက်အစောပိုင်းက ကိုဆာနီမြို့ရဲ့ Pulse နိုက်ကလပ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ အနည်းဆုံး လူ ၅၉ ဦး သေဆုံးစေခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားချိန်က ပြည်တွင်းက နာမည်ကြီး Hip Hop ဂီတအဖွဲ့ တစ်ခုဖြစ်တဲ့ DNKရဲ့ ဖျော်ဖြေပွဲကြောင့် ကလပ်ထဲမှာ လူ ၅၀၀ လောက်ထိ များပြားနေခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် DNK အဖွဲ့သားတွေထဲက တစ်ဦးသာ အသက်ရှင်ပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာရသူ စုစုပေါင်းကတော့ ၁၅၅ ဦးထက်မနည်းထိ များပြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်မက်စီဒိုးနီးယား အစိုးရ ရှေ့နေများရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘီလ်ဂျာနာ အာဆော့ဗ်စကာက မီးလောင်မှုနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတယ်လို့ ယူဆရသူ ၁၀ ဦးကို ကာလတို ဝရမ်းတွေနဲ့ ယာယီ ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းနေတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ နိုက်ကလပ်ရဲ့ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကို ခွင့်ပြုထားတဲ့ အစိုးရ အရာရှိတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ထဲရေး ဝန်ကြီး ပန့်စ် တော့စ်ကော့ဗ်စကီးကတော့ အဲဒီ နိုက်ကလပ်မှာ လုပ်ငန်းလည်ပတ်ဖို့ တရားဝင် ခွင့်ပြုချက် ရမထားဘူးလို့ ပြောပါတယ်။ မီးဘေးအန္တရာယ် တားဆီးရေးဆိုင်ရာ သင့်တော်တဲ့ စံနှုန်းတွေ မရှိတဲ့ နိုက်ကလပ်ကို ဖွင့်လှစ်ခွင့် ရနေတဲ့ နောက်ကွယ်မှာ အဂတိမှုတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ပါဝင်နေသလား ဆိုတာကို ရဲတွေက ဆက်လက် စုံစမ်းသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုက်ကလပ်ဟာ အရေးပေါ် အခြေအနေမှာ လူစုလူဝေးနဲ့ ရွှေ့ပြောင်းနိုင်ဖို့ သင့်တော်တဲ့ ထွက်ပေါက်နေရာ တစ်ခုသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်း မီဒီယာတွေကတော့ အဲဒီနိုက်ကလပ်ဟာ အရင်က ကော်ဇောဂိုဒေါင်ဟောင်း တစ်ခုကို အဖြစ်သဘော ပြောင်းလဲ ဖွင့်လှစ်ထားတာလို့ ဖော်ပြနေကြပါတယ်။

OGNEN TEOFILOVSKI/REUTERS

နိုက်ကလပ်ထဲမှာ မီးတောက်တွေနဲ့ အလှဆင်တဲ့ ကိရိယာ တစ်ခုရဲ့ မီးစဟာ မျက်နှာကျက်တွေကို ထိမှန်ရာက စတင် မီးကူးစက်ခဲ့တာလို့ သိရပါတယ်။ အဲဒီ မျက်နှာကျက်တွေဟာ မီးလောင်လွယ်တဲ့ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့်ပါ။

၂၀၀၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းထားတဲ့ ဂီတအဖွဲ့က ဖျော်ဖြေနေတဲ့အချိန် စင်ပေါ်ကို မီးစတွေ ကျလာပြီး မြန်မြန်ဆန်ဆန် ကူးစက် ပျံ့နှံ့သွားတဲ့ ဗီဒီယို မှတ်တမ်းတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ကနဦး သိရှိထားတဲ့ အချက်အလက်တွေအရ ထွက်ပေါက် တစ်ခုတည်း ဖြစ်ဖြစ်မြောက်မြောက် ရှိနေခဲ့ခြင်းက လူတွေ အများအပြား သေဆုံးရတဲ့ အဓိက အကြောင်းရင်းအဖြစ် ယူဆထားကြောင်း သိရပါတယ်။

မြောက်မက်စီဒိုးနီးယား သမ္မတ ဂျော်ဒါနာ ဆီဂျာနော့ဗ်စကာ ဒက်ဗ်ကိုဗာက မိခင်တစ်ယောက်၊ လူသားတစ်ယောက်၊ သမ္မတတစ်ယောက် အနေနဲ့ အခုသတင်းကြောင့် အရမ်း ထိတ်လန့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ထိခိုက်နစ်နာသူတွေရဲ့ မိသားစုတွေဆီ တိုက်ရိုက် ရည်ရွယ်ပြီး အားလုံးရဲ့ နာကျင်မှုကို ထပ်တူထပ်မျှ ခံစားရကြောင်းလည်း ဆိုပါတယ်။

ဒဏ်ရာ အရမ်းပြင်းတဲ့ လူနာတွေကို ဘူလ်ဂေးရီးယား၊ ဂရိ၊ ဆာဘီးယားနဲ့ တူရကီ နိုင်ငံတွေမှာရှိတဲ့ အထူးကု ဆေးခန်းတွေထိ ပို့ဆောင်စေပြီး ကုသမှု ပေးထားတယ်လို့လည်း သမ္မတက ပြောပါတယ်။ ဒီမီးလောင်မှုဟာ မြောက်မက်စီဒိုးနီးယား နိုင်ငံမှာတော့ နှစ်ပေါင်း အတော်များများအတွင်း အရေအတွက် အများဆုံး အစုလိုက် သေဆုံးတဲ့ အနိဋ္ဌာရုံ ကိစ္စတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: BBC
https://ichef.bbci.co.uk/news/1024/cpsprodpb/f305/live/4ebd3fd0-029a-11f0-930b-09158a211e81.jpg.webp

ဆက်စပ်သတင်းများ