အိမ်နီးချင်း မြန်မာနိုင်ငံထဲက ရွှေတူးဖော်မှုတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ညစ်နွမ်းမှုတွေ ကြီးကြီးမားမား ကြုံတွေ့စေတယ်လို့ ဆိုပါတယ်။
ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ဟာ ရှမ်းပြည်နယ်ထဲကနေ ထိုင်းနိုင်ငံ ပိုင်နက်ထဲထိ ဖြတ်သန်းစီးဆင်းရာ ကော့မြစ်ရိုးရဲ့ မိုင်းဆတ်မြို့နယ်ထဲက အပိုင်းမှာ တရုတ် ကုမ္ပဏီတွေကို ရွှေတူးဖော်ခွင့် ပြုထားပြီး အကျိုးဆက်အဖြစ် မြစ်ရေ နောက်ကျိစေပြီး ဒေသခံတွေအတွက် နစ်နာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ မြန်မာဖက်မှာတော့ အဲဒီမြစ်ကို နမ့်ခုတ်မြစ်လို့လည်း ခေါ်ဝေါ်ကြပါတယ်။
ဒါ့အပြင် ရွှေတူးရာမှာ အသုံးပြုတဲ့ ဓာတု ပစ္စည်းတွေက မြစ်ရေနဲ့အတူ ရေနှောသွားတာကြောင့် အဲဒီရေကို သုံးစွဲဖို့ အန္တရာယ် မကင်းတဲ့ အခြေအနေ ဖြစ်သွားစေနိုင်တယ်လို့ ချင်းမိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ သာတွန် ခရိုင်ခွဲထဲက မူး ၁၄ ကျေးရွာ လက်ထောက် အုပ်ချုပ်ရေးမှူး တိုဆာပေါင် ဆမ်နော်ဝေါင်က ပြောပါတယ်။
တရုတ် ကုမ္ပဏီ စုစုပေါင်း ၂၃ ခုလောက်ဟာ ထိုင်းနယ်စပ်နဲ့ ၃၆ ကီလိုမီတာလောက်အကွာ ကော့မြစ်ထဲမှာ အလုံးအရင်း ရွှေတူးဖော်မှုတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။ ရွှေတူးဖော်မှု နောက်ဆက်တွဲ စွန့်ပစ် ပစ္စည်းတွေဟာ ကော့မြစ်ထဲကို တိုက်ရိုက် စီးဝင်နေကြောင်း၊ ဘယ်အစိုးရ အဖွဲ့အစည်းကမှ အရေးယူ ဆောင်ရွက်တာမျိုး၊ မြစ်ရေရဲ့ အရည်အသွေးကို ဆန်းစစ်တာမျိုး မရှိကြောင်း၊ ပြီးတော့ ရွှေတူးတဲ့ လုပ်ငန်းနေရာတွေကို လုံခြုံရေး အရမ်းတင်းကျပ်ထားပြီး နယ်ခံ ရွာသားတွေတောင် ဝင်ခွင့်မရကြကြောင်းလည်း သူက ဆက်ပြောပါတယ်။

Public Service Announcement
သာတွန် ခရိုင်ခွဲထဲက ကျေးရွာ အများအပြားဟာ ကော့မြစ်ရေကို အစဉ်အဆက် မှီခို သုံးစွဲခဲ့ကြပေမယ့်လည်း မြစ်ရေဟာ အလွန်အကျွံ နောက်ကျိလာပြီး အရမ်းညစ်ပတ်လာကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီမြစ်ရေကို ချိုးမိတဲ့ တချို့ရွာသားတွေဟာ အရေပြား ယားနာ ဝေဒနာတွေ ခံစားခဲ့ရပြီး အများအပြားကတော့ လောလောဆယ်မှာ တောင်ကျရေတွေကိုပဲ ပြောင်းလဲ သုံးစွဲနေရတယ်လို့ သိရပါတယ်။
အခုပြဿနာဟာ ၂၀၂၄ ခုနှစ် ကတည်းက စနေခဲ့တာ ဖြစ်ပေမယ့် မြစ်အထက်ပိုင်းမှာ ရွှေတူးမှုတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေသလဲ ဆိုတာကိုတော့ အခုရက်ပိုင်းမှ သိခွင့်ရခဲ့တာလို့ တိုဆာပေါင်က ပြောပါတယ်။ မနှစ်တုန်းကလည်း ဆွန်ခရန် ပွဲတော်အတွက် ကော့မြစ်ရေကို အသုံးပြုပြီး ရေကစားကြတဲ့သူတွေ အများအပြား အရေပြား ယားနာတွေ ဖြစ်ခဲ့ကြပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မြစ်များနေ့မှာတော့ သာတွန် ခရိုင်ခွဲထဲက ဒေသခံ ၇၀၀ လောက် ချီတက်ပြီး ကော့ခ်မြစ်ကို ကာကွယ်ပေးရေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ မြစ်ရဲ့ အခြေအနေ ဆိုးသထက် ဆိုးမလာအောင် အမြန်ဆုံး တားဆီးပေးရေး ထိုင်းအာဏာပိုင်တွေဖက်က ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လည်း ဆန္ဒပြသူတွေက တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကော့မြစ် ညစ်နွမ်းမှုကြောင့် မြန်မာဖက်က ဒေသခံ ပြည်သူတွေရဲ့ လူမှုဘဝ ထိခိုက်နစ်နာနေရတဲ့ အခြေအတွေကိုလည်း ထောက်ပြခဲ့ကြပါတယ်။

UWSA ခွင့်ပြုချက်နဲ့ ရွှေတူးမှုတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပိုမို ကျယ်ပြန့်လာပြီး တရုတ် ကုမ္ပဏီတွေဟာ မြစ်အောက်ခြေထိ သောင်တူးတဲ့ လှေတွေကို သုံးပြီး ရွှေသတ္တု ရောနှောတဲ့ မြေသားတွေကို တူးထုတ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ရွှေတူးရာမှာ ဆိုင်ယာနိုက်လို အဆိပ်အတောက် ဓာတ်ပစ္စည်းတွေကိုလည်း အသုံးပြုရပြီး မြစ်ရေကို ပိုမို ညစ်နွမ်းစေတယ်လို့ ဆိုပါတယ်။ ရွှေတူးမှုတွေ ထူထပ်လာချိန် ကတည်းက မြစ်ထဲမှာ ငါးကောင်ရေကလည်း သိသိသာသာ ယုတ်လျော့ ကျဆင်းလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဖက်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လေ့လာ စောင့်ကြည့်သူတွေက ကော့မြစ်ဟာ အခုဆိုရင် တစ်နှစ်တာပတ်လုံး ရေနောက်ကျိတဲ့ အခြေအနေ ဖြစ်သွားပြီး ဒီကိစ္စဟာ အထူးအရေးကြီးတဲ့ ပြဿနာ တစ်ခုလို့ သတိပေးထားပါတယ်။
ကော့မြစ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ စတင်စီးဆင်းပြီး ထိုင်းနိုင်ငံရဲ့ ချင်းရိုင်ပြည်နယ်ထဲကို စီးဝင်ပြီး မဲခေါင်မြစ်နဲ့ ပေါင်းစပ်သွားပါတယ်။ ကော့မြစ်ဟာ ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းတလျှောက် လူ့အဖွဲ့အစည်း အများအပြားရဲ့ အဓိက မှီခိုရာ ရေအရင်းအမြစ်လည်း ဖြစ်ခဲ့ပါတယ်။
ထိုင်းဖက်က ဒေသခံတွေကတော့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ မြန်မာဖက်ကို ဆက်သွယ်ပြီး ရွှေတူးဖော်မှုတွေ ရပ်တန့်ရေး ဖိအားပေးဖို့ တိုက်တွန်း တောင်းဆိုနေကြပါတယ်။
ကိုးကား: Transborder News
