ဆူဒန် ပြည်တွင်းစစ်မှာ လက်နက်ကိုင် အင်အားစုတွေက ကလေးတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေအပေါ် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေ အမြောက်အမြား ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီ (ယူနီဆက်ဖ်)က ထုတ်ပြန်ခဲ့ပါတယ်။
ဆူဒန် စစ်တပ်နဲ့ တစ်ချိန်တုန်းက မဟာမိတ် ဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ အကြီးအကျယ် သဘောထား ကွဲသွားခဲ့တဲ့ အရန်တပ် (RSF)ကြား ပြည်တွင်းစစ် အစပြုခဲ့တာ ၂ နှစ်နီးပါး ရှိခဲ့ပါပြီ။ အဲဒီ ကာလတလျှောက် နိုင်ငံအနှံ့မှာ လက်နက်ကိုင် တပ်တွေရဲ့ လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေအကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပေမယ့်လည်း ကလေးတွေအပေါ် ပစ်မှတ်ထားတဲ့ အဲဒီ ကြမ်းတမ်း ရက်စက်မှုတွေအကြောင်း ယူနီဆက်ဖ်က တိတိကျကျ ကြေညာချက် ထုတ်ပြန်တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။
ယူနီဆက်ဖ်ရဲ့ အဆိုအရ လိင်အကြမ်းဖက်မှု သားကောင် ဖြစ်ရတဲ့ ကလေးတွေထဲမှာ သုံးပုံတစ်ပုံဟာ ယောက်ျားလေးတွေလို့ ဆိုပါတယ်။ ပြီးတော့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ မုဒိမ်းကျင့် ခံရတဲ့ထဲမှာ ၁ နှစ်အရွယ်ထိ ငယ်ရွယ်တဲ့ ကလေးတွေတောင် ပါဝင်နေခဲ့တယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။
စစ်ပွဲအတွင်း ကလေးတွေ မုဒိမ်းကျင့် ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တရားဝင် ဖော်ထုတ် တိုင်ကြားမှု ၂၂၁ ခုထိ ရှိလာခဲ့ကြောင်း၊ ဒါပေမဲ့ လက်တွေ့ ကြုံရတဲ့ အခြေအနေဆိုးတွေက ဒီထက် အရေအတွက် အဆပေါင်းများစွာ ပိုနိုင်ကြောင်း ယူနီဆက်ဖ်က မှတ်ချက် ပေးထားပါတယ်။

Public Service Announcement
ဆူဒန်ရဲ့ ရှေးရိုးစွဲ ဆန်လွန်းတဲ့ လူ့အဖွဲ့အစည်းထဲမှာတော့ မုဒိမ်းမှု သားကောင် ဖြစ်ခဲ့ရသူတွေနဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ နစ်နာမှုကို ထုတ်ပြောဖို့ အတွက်တောင် ဝန်လေးစရာ အခြေအနေတွေ အများကြီး ရှိတတ်ပါတယ်။ နောက်ပြီး အဖြစ်မှန်ကို ထုတ်ဖော် စွပ်စွဲတဲ့အခါ ကျူးလွန်သူ လက်နက်ကိုင် အင်အားစုတွေရဲ့ တုံ့ပြန် လက်စားချေမယ့် အငြှိုးအတေးကိုလည်း တွေးတော စိတ်ပူကြရပါတယ်။
ယူနီဆက်ဖ်ရဲ့ ဖော်ထုတ်မှုဟာ ဆူဒန် ပြည်တွင်းစစ်ရဲ့ နောက်ကွယ်မှာ ကလေးတွေ ရင်ဆိုင်နေရတဲ့ ယုတ်ညံ့ဆိုးရွားတဲ့ ကြမ်းကြုတ်ရက်စက်မှု တစ်ခုရဲ့ သရုပ်မှန်ကို မီးမောင်း ထိုးပြလာခြင်းလည်း ဖြစ်ပါတယ်။
ယူနီဆက်ဖ်က ဆူဒန်မှာ မုဒိမ်းမှုတွေကို ဘယ်အဖွဲ့အစည်းက ကျူးလွန်နေသလဲ ဆိုတာကို ထည့်မပြောပေမယ့် စွပ်စွဲချက် အများစုဟာ RSF တပ်ဖွဲ့ဝင်တွေ လက်ချက်လို့ ညွှန်ပြနေပါတယ်။ RSFဟာ ဒေသခံ ပြည်သူလူထုကို အကြောက်တရား သွတ်သွင်းဖို့၊ ထိန်းချုပ်နယ်မြေတွေမှာ ဆန့်ကျင်သူတွေကို ချိုးနှိမ်ဖို့အတွက် မုဒိမ်းမှုတွေကို လက်နက်တစ်ခုလို အသုံးချနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ RSFကတော့ ဘယ်လို အမှားမျိုးတွေကိုမှ ကျူးလွန်မထားဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် အကြီးအကဲဖြစ်သူ မိုဟာမက် ချန်ဒီ အော့သ်မန်က ဆူဒန် စစ်ပွဲရဲ့ မုဒိမ်းမှုတွေအကြောင်း ကနဦးအဆင့် အစီရင်ခံစာတစ်စောင် ထွက်ပေါ်ခဲ့ချိန် အောက်တိုဘာလတုန်းက အဲဒီ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လိင်အကြမ်းဖက်မှုတွေရဲ့ အတိုင်းအတာ ပမာဏဟာ ကြောက်ခမန်းလိလိ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပါတယ်။
ကုလသမဂ္ဂဟာ ဆူဒန်မှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး မစ်ရှင်တွေကို အကောင်အထည် ဖော်နေပေမယ့် ရန်ပုံငွေ ပြတ်လပ်မှုတွေနဲ့ ရုန်းကန်နေရပြီး လတ်တလော အမေရိကန် အစိုးရရဲ့ အထောက်အပံ့ ဖြတ်တောက်မှုတွေက အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတယ်လို့ သိရပါတယ်။
ကိုးကား: BBC
