close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးအော်လင်းစ်မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်တဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၅ ဦးထိရှိလာ

အမေရိကန်နိုင်ငံ၊ လူဝီစီးယားနား ပြည်နယ်ထဲက နယူးအော်လင်းစ်မြို့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၅ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ လူဝီစီးယားနား ပြည်နယ်ထဲက နယူးအော်လင်းစ်မြို့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၅ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

မူလတုန်းက ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်စဉ်မှာ သေဆုံးသူ ဦးရေဟာ ၁၀ ဦးလို့ ကြေညာထားပေမယ့် နောက်ပိုင်းမှာ အဲဒီ အရေအတွက်ကို အာဏာပိုင်တွေက မြှင့်တင်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုဟာ အကြမ်းဖက် ဝါဒနဲ့ ဆက်နွှယ်တယ်လို့ စုံစမ်းရေး အရာရှိတွေက ယုံကြည်ထားပြီး ကျူးလွန်သူကိုတော့ အသေပစ်ခတ် နှိမ်နင်းနိုင်ခဲ့ပါတယ်။

တက္ကဆက်စ် ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ရှမ်ဆွတ်ဒ်-ဒင် ဂျက်ဘားဟာ Ford ပစ်ကပ် ထရပ်ကား တစ်စီးကို မောင်းနှင်ပြီး ဖြတ်သန်းသွားရာ လမ်းတလျှောက် လူအုပ်တွေနဲ့ လမ်းသွားလမ်းလာတွေဆီ အရှိန်နဲ့ ဝင်တိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အတားအဆီး တစ်ခုကို ဝင်တိုက်ပြီး ကားရပ်သွားခဲ့တဲ့အခါ ဂျက်ဘားက ကားထဲက ထွက်ပြီး ရဲတွေကို သေနတ်နှစ်လက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ရဲတွေက သူ့ကို အသေပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျက်ဘားရဲ့ လက်ချက်ကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃၅ ဦးလောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာန FBIက ပြောပါတယ်။ သူ့ရဲ့ ကားထဲမှာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အလံတစ်ခုကို ရှာတွေ့ခဲ့ပြီး ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အစွန်းရောက် အကြမ်းဖက်ဝါဒ ဆက်နွှယ်နေနိုင်တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

နောက်ပြီး အခုတိုက်ခိုက်မှုကို ဂျက်ဘားက တစ်ကိုယ်တော် ကျူးလွန်ခဲ့တာ မဟုတ်ဘဲ ကြံရာပါတွေ ရှိလိမ့်ဦးမယ်လို့လည်း FBIက ယူဆထားပြီး အပူတပြင်း စုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရားခံ ဖြစ်သူဟာ အိုင်အက်စ်ကို ထောက်ခံတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် တင်ခဲ့ဖူးကြောင်း FBIဆီက အစီရင်ခံစာ ရရှိထားကြောင်း ပြောပါတယ်။ နောက်ပြီး လက်စ်ဗီးဂက်စ်မှာ ရှိတဲ့ အမေရိကန် ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်ရာ ဟိုတယ်တစ်လုံး ရှေ့နားမှာ Tesla Cybertruck ကားတစ်စီး ပေါက်ကွဲတဲ့ ကိစ္စကရော အခုဖြစ်စဉ်နဲ့ ဆက်စပ်မှု ရှိသလား ဆိုတာကို FBIက စုံစမ်းနေတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် နယူးအော်လင်းစ် မြို့ခံတွေနဲ့အတူ သူရော၊ အမေရိကန် တစ်နိုင်ငံလုံးပါ ဝမ်းနည်း ပူဆွေးနေကြောင်းလည်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

နယူးအော်လင်းစ်မှာ နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး Super Bowl အမေရိကန် ဘောလုံး ပွဲစဉ်တစ်ခု ယှဉ်ပြိုင်ဖို့လည်း ရှိနေတာကြောင့် လူတွေစည်ကားနေတုန်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဂျက်ဘား သေဆုံးခဲ့တဲ့နောက် သူ့ရဲ့ကားအပြင် အနီးတဝိုက် နေရာတချို့မှာပါ ဖောက်ခွဲရေး ကိရိယာတွေ ရှိနေခဲ့တာကို ရှာတွေ့ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစောပိုင်းမှာ ထရမ့်က တရားခံဟာ အမေရိကန်ကို ရွှေ့ပြောင်းအခြေချခဲ့သူ တစ်ယောက် ဖြစ်နိုင်တယ်လို့ စွပ်စွဲခဲ့ပေမယ့်လည်း FBIကတော့ သူဟာ အမေရိကန် နိုင်ငံသားတစ်ဦး၊ ပြီးတော့ စစ်မှုထမ်းဟောင်း တစ်ဦးလို့ ထုတ်ပြန်ခဲ့ပါတယ်။

နယူးအော်လင်းစ် ရဲတပ်ဖွဲ့ အကြီးအကဲ အန်းကာ့ခ်ပက်ထရစ်က ဂျက်ဘားဟာ လူတွေကို ရနိုင်သမျှ ကားနဲ့ ဝင်တိုက်နိုင်၊ တက်ကြိတ်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲနှစ်ယောက် ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးလို့လည်း သူက အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၂၅၀ နီးပါးလောက် ကြာမြင့်ပြီးတဲ့ နောက်မှာတော့ ခေါင်းဖြူ လင်းယုန်ငှက်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတော် သင်္ကေတအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက် ရောင်းနေတယ် ဆိုတာဟာ အမေရိကန်က မီးနဲ့ ကစားနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

သတ်မှတ်ထားတဲ့ အသုံးစရိတ် ကုန်သွားလို့ အစိုးရနဲ့ လွှတ်တော် လုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ့် အခြေအနေကို အမေရိကန် လွှတ်တော် အမတ်တွေ ညှိနှိုင်းပြီး ကျော်လွှားနိုင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နယူးယောက် မြို့ထဲမှာ တရုတ် အစိုးရ ကိုယ်စား လျှို့ဝှက် ရဲစခန်းတစ်ခု ဖွင့်လှစ်ထားခဲ့ကြောင်း အမေရိကန် နိုင်ငံသား တစ်ဦးက ဝန်ခံခဲ့ပါတယ်။

Facebook