ရုရှားနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်နဲ့ နားလည်မှုတစ်ခု ဆွေးနွေး ရယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲကို ရပ်စဲစေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပေးပို့ခဲ့တဲ့ အဆိုပြုချက်၂၈ ချက်ကို ယူကရိန်းက ပြန်လည် ပြင်ဆင်ပြီး အမေရိကန် အစိုးရဆီ တင်ပြခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာမှာတော့ ထရမ့်က သူ့ရဲ့ မူရင်း အဆိုပြုချက်တွေက ကောင်းမွန်ပြီးသား ဆိုပေမယ့်လည်း နှစ်ဖက်စလုံးက လိုလားချက်တွေကို ပြင်ဆင် ဖြည့်စွက်ဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။
ယူကရိန်းဖက်က ဖြည့်စွက် တောင်းဆိုချက်တွေကို လက်ခံရရှိပြီးတဲ့နောက် သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံစေဖို့ မော်စကိုမြို့ဆီ စေလွှတ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။ တခြား တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ကြည်းတပ်ရေးရာ အတွင်းဝန် ဒန်ဒရစ္စကိုးလ်ဟာ အခုသီတင်းပတ်အတွင်းမှာပဲ ယူကရိန်းရဲ့ ကိယက်ဗ် မြို့တော်ဆီ သွားရောက်မယ်လို့ သူက ပြောပါတယ်။
ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ ယူကရိန်း ပြန်ပြင်ထားတယ်ဆိုတဲ့ အချက်တွေကို မသိရသေးကြောင်း၊ မူလ သတ်မှတ်ထားတဲ့ အဆိုပြုချက် မဟုတ်ရင် ရုရှားဖက်က လက်မခံနိုင်တာမျိုး ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကလည်း ထရမ့်ရဲ့ ကနဦး အဆိုပြုချက်တွေက ရုရှား အလေးသာတယ်လို့ ခံစားရပြီး တကယ်လို့ ကြီးမားတဲ့ အပြောင်းအလဲတွေ သတ်မှတ်မယ်ဆိုရင် မူလ အခြေအနေကနေ အများကြီး သွေဖယ်သွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းထိတော့ ယူကရိန်းဖက်က တန်ပြန် အဆိုပြုထားတဲ့ အချက်တွေကို ရုရှားက မသိရသေးဘူးလို့လည်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။
ဇီလန်စကီးက ယူကရိန်းရဲ့ လိုလားချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဘုံနားလည်မှုတစ်ခု ရထားတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးသေးပါဘူး။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ သူက အဆိုပြု သဘောတူညီချက်ပါ ထိလွယ်ရှလွယ် အချက်အလက်တွေကို ဆွေးနွေးဖို့အတွက် လမကုန်ခင် ထရမ့်နဲ့ လူချင်းတွေ့ဖို့ မျှော်လင့်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။
သမ္မတ ထရမ့်၊ အမေရိကန်နိုင်ငံတို့နဲ့ ရှေ့ဆက်ပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ သူ့အနေနဲ့ တွေးထားကြောင်း၊ ရုရှားဟာ အမေရိကန်ရဲ့ အင်အားကို သေချာနားလည်လို့ အများကြီး သတိထား ဆက်ဆံနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ထရမ့်က သူဟာ ထရမ့်၊ ပူတင်တို့နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပေမယ့် အဲဒီလို မတွေ့ခင်မှာ စစ်ပွဲရပ်ဆိုင်းရေး သဘောတူညီမှုတွေ နောက်ဆုံးအဆင့် ရောက်နေပြီဆိုတာ သေချာဖို့တော့ လိုတယ်လို့ မှတ်ချက်ပေးထားပါတယ်။
စစ်ရပ်စဲရေးအတွက် အမေရိကန်ဖက်က အတော်လေး အကောင်းမြင်နေဟန် ရှိပေမယ့် ဥရောပနိုင်ငံတွေရဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲရဲ့ အဆုံးသတ်ကို လက်လှမ်းမမီလောက်သေးဘူးလို့ ယူဆနေပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်က ရုရှားဟာ အပစ်အခတ် ရပ်စဲဖို့ အမှန်တကယ် ဆန္ဒရှိမနေဘူးလို့ ပြောကြားခဲ့ပြီး ဗြိတိန် အစိုးရကလည်း စစ်ရပ်စဲရေးဆိုတာ ခရီးရှည်ကြီး ကျန်နေဆဲဖြစ်ပြီး ခရီးကလည်း ကြမ်းလိမ့်မယ်လို့ ပြောပါတယ်။
ဇီလန်စကီးကတော့ နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ရင် အဓိက ပြဿနာ ဖြစ်နေတာက ရုရှား သိမ်းယူထားတဲ့ ယူကရိန်း နယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ပူတင့်ဖက်က တောင်းဆိုနေတာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ကိုးကား: BBC
















































