ဧပြီ−၆၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ဧပြီ ၅ ရက် ည ၉နာရီခန့်က အသက်(၂၀)ဝန်းကျင် လူငယ်တစ်ဦးဟာ ဆိုင်ကယ်နဲ့ မုန့်ထွက်ဝယ်ချိန် ၇၈ လမ်းနဲ့ သိပ္ပံလမ်းထောင့်အနီးမှာ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ သူတွေက ကားအဖြူတစ်စီးနဲ့ ရောက်ရှိလာပြီး အဆိုပါလူငယ်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ အဆိုပါအဖွဲ့ဟာ လူငယ်ကို ကားပေါ် အတင်းအဓမ္မတင်ဆောင်သွားပြီးနောက် ၆၆ လမ်းနဲ့ ၁၀၃ လမ်းထောင့်မှာ ကားပေါ်ကနေ ပြန်လည်ပစ်ချထားခဲ့ကြောင်း Voice Of Mandalayအဖွဲ့က ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် လူငယ်စီးနင်းလာတဲ့ Click အမျိုးအစား ဆိုင်ကယ်၊ ဆိုင်ကယ်အုံနာဘုတ်နဲ့ IPhone တစ်လုံးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။
“ အရင်ရက်တွေကလည်း အဲလိုပဲ အဖွဲ့လိုက်ရောက်လာပြီး တခါမှလည်းမတွေ့ဖူးဘဲနဲ့ ဆိုင်ကယ်လည်းမယူဘဲနဲ့ ဓားနဲ့ဝင်ပြီးခုတ်သွားတာတွေကော။ တော်တော်ဆိုးတယ်” လို့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ စစ်သားတွေ ဒါမှမဟုတ် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်လည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်ပါတယ်။ မန္တလေးမြို့အတွင်း ယခုရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ လူဖမ်းပွဲတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်မှုထမ်းစုဆောင်းနေကြောင်း သိရပါတယ်။


















































