ဧပြီ – ၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းသိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဖာပွန်( မူတြော်) ၊ လူသောမြို့နယ်ထဲက ကော်သွေးကျိုးနဲ့ ထဲနယ်နယ်ကျိုး စခန်းနှစ်ကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ယူနိုင်ခဲ့တာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။
အဲဒီစခန်းနှစ်ခုဟာ ဖာပွန်မြောက်ပိုင်း KNU တပ်မဟာ ၅ နယ်မြေနဲ့ တပ်မဟာ ၃ နယ်မြေ အစပ်နားမှာရှိတယ်လို့ သိရပါတယ်။

Public Service Announcement
“ ဖာပွန်ရဲ့မြောက်ပိုင်းမှာ အဲဒီမှာ တပ်စခန်းနှစ်ခုပေါ့၊ ဒီဘက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေပြီးတော့မှတိုက်ခိုက်သိမ်းပိုက်တာရရှိသွားတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံး၊ဒဏ်ရာရရှိမှု အခြေအနေနဲ့ လက်နက်ခဲယမ်းရရှိမှု အခြေ အနေကတော့ အတိအကျမသိရပါဘူး။
လက်ရှိမှာတော့ ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်အတွင်းမှာ စစ်ကောင် စီတပ်စခန်း ရှစ်ခု ကျန်နေသေးတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပြပါတယ်။
ကော်သွေးကျိုးတပ်စခန်းသိမ်းတိုက်ပွဲမှာ တစ်နေ့တည်းသာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုအများအပြားနဲ့ ဆုတ်ခွာသွားကြတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တစ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကဘော်တူလို့ ခေါ်တဲ့ စစ်တပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လတ်တလောမှာ အတည် ပြုလို့မရသေးဘူးလို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။
KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ ( ရုပ်ပုံဟောင်း)
ဓာတ်ပုံ – KNU





















































