ဧပြီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းတပ်ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲက သင်တန်းဆင်းရဲဘော်တွေကို ချင်းညီနောင်ဘက်တံဆိပ်စတင်တပ်ဆင်ခဲ့တာကို PDF ဇိုလဲန်းက ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။
PDF ဇိုလဲန်း အပတ်စဉ်(၁၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၃၀ရက်က ပြုလုပ်ခဲ့ရာ ဧပြီ ၁ရက်မှာ သင်တန်းဆင်းပွဲ မှတ်တမ်းတွေ ထုတ်ပြန်ခဲ့တာပါ။
” ကျနော်တို့ အခုမှစပြီးမှ တပ်နေတာပါ။ ကျနော်တို့ CBဘက်တံဆိပ်တပ်ရခြင်းက နောက်ပိုင်းမှာ one cammand နဲ့ သွားနိုင်အောင် ဒါက ပထမ ခြေလှမ်းလှမ်းတဲ့ ပုံစံဖြစ်ပါတယ်။” လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်ရဲ့ ဘက်တံဆိပ်အသုံးပြုမှု နဲ့ပတ်သက်တဲ့ မေးမြန်းမှု အပေါ် ဖြေကြားပါတယ်။

Public Service Announcement
PDF ဇိုလဲန်းဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းကစတင်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီ တပ်စခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေလည်း ဖော်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေး ပြင်ဆင်နေကြောင်းလည်း အသိပေးပါတယ်။
” ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့(တီးတိန်မြို့) ငါတို့ ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေပါတယ်။ တော်လှန်ရေး အောင်ပွဲတွေ ယူဆောင်လာပေးနေသော ချင်းညီနောင် စစ်ဆင်ရေးတခုဖြစ်သော တီးတိန်စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူအားလုံးက ပါဝင်အားဖြည့်ပေးပါရန် တိုက်တွန်းအပ်ပါသည်”လို့ PDF ဇိုလဲန်း ရဲ့ စစ်ဆင်သတန်း ဆင်းပွဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ချင်းညီနောင်ခေါင်းဆောင်တွေကလည်း သိမ်းပိုက်ဖို့ ကျန်နေတဲ့ တီးတိန်မြို့ကို အခု ၂၀၂၆အတွင်း သိမ်းပိုက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။





















































