ဖေဖော်ဝါရီ-၁၆၊၂၀၂၆။ မိုမို/People’s Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Black Dragon Force(BDF)အထူးလှုပ်ရှားတပ် တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၁၆ရက်) တိုက်ခိုက်မှုမှာ ဂန့်ဂေါမြို့နယ်ရဲ့ အမှတ် (၅၀)ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့နေရာရည်ရွယ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ရှောင်ပင်ကျေးရွာထိပ်မှာရှိတဲ့ စစ်တပ်ဂိတ်ထိမှန်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ အဲဒီရွာမှာက စစ်တပ်က ၆၀ဝန်းကျင် ရှိတယ်။ဗုံးသီးတစ်လုံးက တည့်ကျလို့ နှစ်ဦးသေပြီး အထိ အခိုက်များပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရှောင်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်မှုကို Unity RocketOrganization ( URO ) နဲ့Black Dragon Force(BDF)တို့ ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။လက်ရှိစစ်ရေးအရ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အနီးပတ်ဝန်းကျင်နေရာတွေကို ရှောင်ရှားကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်အကွာက ရှောက်ပင်ကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။
ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
















































