ဖေဖော်ဝါရီ ၁၆၊ ၂ဝ၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃)လမ်းမကြီးအနီးမှာ စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှု ရှောင်ကြဥ်ကြဖို့ အမှတ်(၉၇၀၆)တပ်ရင်းက သတိပေးပါတယ်။
လက်ရှိ ဝက်လက်မြို့နယ်၊ အမှတ် (၃) လမ်းမကြီးတစ်ဝိုက်မှာ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေ အထူးတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ လမ်းမကြီးတစ်လျှောက် သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ကြဖို့ ဝက်လက်နယ်အခြေစိုက်အမှတ်(၉၇၀၆)တပ်ရင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတိပေးပါတယ်။
ဒါ့အပြင် ခိုင်လုံတဲ့မြေပြင်ကင်းထောက်များနဲ့ ဝေဟင်သတင်းများကို အစဉ်မပြတ် နားစွင့်ထားဖို့၊
သတင်းအခြေအနေအရ အချိန်နဲ့တပြေးညီ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရန် ပြင်ဆင်ထားဖို့အမှတ်(၉၇၀၆) တပ်ရင်းက လမ်းညွှန်ထားပါတယ်။

Public Service Announcement
“ ကျောက်မြောင်းဘက်ကနေလည်း လက်နက်ကြီးနဲ့ ဝက်လက်နယ် အရှေ့မြောက်ခြမ်းကို လှမ်းပစ်တာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ဖေဖော်ဝါရီဒုတိယပတ်အတွင်း စစ်ကြောင်းထိုးပြီး ဒရုန်းတွေနဲ့ဗုံးကြဲလို့ ပြည်သူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ဝက်လက်နယ်အရှေ့ခြမ်းက ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

















































