ဖေဖော်ဝါရီ-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်မှုရှိခဲ့ကြောင်း PDF ဇိုလဲန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းမှာ စစ်ကောင်စီက တီးတိန်မြို့ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က အတည်ပြုပါတယ်။
PDF ဇိုလဲန်းကလည်း လေကြောင်းတိုက်ခိုက်မှု သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီက နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်တာ မရှိဘဲ မနေ့ည ၈နာရီမှာ ပြည်သူတွေကိုအကြောင်းမဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြထားပြီး အရပ်သား ၂ဦး ထိခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် နေအိမ်ပျက်စီးတဲ့အပြင် လမ်းမပေါ် ရပ်ကားလည်း ဗုံးအရှိန်ကြောင့်လွင့်ထွက်သွားကြောင်း ဖော်ပြထားပါတယ်။
ဇန်ဇောလ်ကျေးရွာဟာ တီးတိန်မြို့နယ်၊ မွာလ်ဘင်း (Mualbeem)ကျေးရွာအုပ်စုတွင် ပါဝင်တဲ့ကျေ ရွာတစ်ရွာဖြစ်ပြီး ဖလမ်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။
“အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဗုံးကြဲတဲ့ စစ်ကောင်စီ အမြန်ဆုံးကျဆုံးပြီး ငြိမ်းချမ်းတဲ့ နိုင်ငံပြန်ဖြစ်ဖို့ ဝိုင်းဝန်း ကြိုးစားကြရအောင်”လို့လည်း PDF ဇိုလဲန်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဖလမ်းမြို့နယ်က ကျေးရွာတွေကိုလည်း လေကြောင်း ဗုံးကြဲတာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ဖလမ်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေပေမယ့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ရဲ့ခုခံမှုကြောင့် ထိုးစစ်လေးလကျော်ကြာတဲ့အထိ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တာမျိုးမရှိသေးပါဘူး။



















































