ဖေဖော်ဝါရီ−၁၆၊၂၀၂၆။ သုည/People’s Spring
ပဲခူးတိုင်း ပြည်မြို့နယ် ဆီဆုံကုန်းကြီးကျေးရွာမှာ ဒေသခံပြည်သူတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ငထွန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်(၃၆၀၂)တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၁ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း(၂)က ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
ပျူစောထီး ငထွန်းဟာ ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေရဲစခန်းမှ ရဲတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေ စစ်မှုထမ်းဖို့ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ လွှစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၀ဏ္ဏနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲခံရတဲ့သူတွေကို အခကြေးငွေနဲ့ ထုတ်ယူခြင်းတွေ ပြုလုပ်နေသူပါ။

Public Service Announcement
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို စစ်တပ်ထံပေးပို့ခြင်း၊ စစ်သား၊ ရဲတွေကိုနဲ့အတူ ဒိုးဝိုင်း၊ လောင်းကစားဝိုင်းတွေ လုပ်ကိုင်လေ့ရှိတဲ့ စစ်ကောင်စီထောက်တိုင်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရလို့ ပစ်ခတ်ရှင်းလင်းခဲ့တာ လို့ ပြည်ခရိုင်တပ်ရင်း(၂) က ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Starက ဆိုပါတယ်။
“ငထွန်းက ကျွန်တော်တို့ ဝက်ထီးကန်ဘက်မှာတော့ နာမည်ကြီး ပျူစောထီး တစ်ယောက်ပါ။ လူငယ်တွေကို ခဏ ခဏ ပေါ်တာဆွဲတာလည်း သူပဲ စစ်သားတွေနဲ့ ပေါင်းပြီး လုပ်စားတာပါ။ စစ်မှုမထမ်းချင်ရင် တစ်အိမ်ကို ဘယ်လောက်ဆိုပြီးလည်း ရွာတွေဘက်မှာ ပိုက်ဆံကောက်တာမျိုးလည်း လုပ်ပါတယ်။ ဒီဘက်က လောင်းကစားဝိုင်းတွေလည်း သူတို့ပဲ ဦးဆောင်လုပ်တာများပါတယ်။ အခုလည်း ပတ္တမြားတောင် ဆိုတဲ့ ရွာဘက်မှာ လုပ်တဲ့ ကြက်ဝိုင်းမှာ ပစ်သတ်ခံရတာပါ” လို့ ဝက်ထီးကန်မြို့မှ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ နေရာတွေကို သွားလာနေထိုင်ခြင်း မပြုကြဖို့ကိုလည်း ပြည်ခရိုင် တပ်ရင်း(၂) က သတိပေးထုတ်ပြန်ထားပါတယ်။

















































