ဖေဖော်ဝါရီ-၁၆၊၂၀၂၆။People’s Spring
တီမောလက်စ်တေးနိုင်ငံရဲ့ သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က အာဏာသိမ်း စစ်တပ်အပေါ် တီမောတရားစီရင်ရေး ယန္တရားကနေတဆင့်တရားစွဲဆိုမှုကိုတီမောလက်စ်တေးက လက်ခံလိုက်တဲ့နောက် တီမောသံရုံးရဲ့ ယာယီ တာဝန်ခံကို ၇ ရက်အတွင်း ထွက်ခွာသွားဖို့ အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီ ၂၀ရက်နေ့နောက်ဆုံးထားထွက်သွားရမယ်လို့နှင်ထုတ်ခဲ့ပါတယ်။
NUGရဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ သံတမန်ရေးရာ ဖိအားပေး ခြိမ်းခြောက်မှုမြောက်ပြီး ဗီယင်နာ ကွန်ဗင်းရှင်းရဲ့ သံတမန် ဆက်ဆံရေး သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်နေကြောင်း ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
ကွန်ဗင်းရှင်း သဘောတူညီချက်တွေအရ နိုင်ငံတစ်ခုရဲ့ သံအရာရှိကို မလိုလားအပ်တဲ့ လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြေညာတဲ့အခါသီးခြားလိုက်နာ ကျင့်သုံးရမယ့်စည်းမျဉ်းတွေနဲ့ နိုင်ငံတကာ ဥပဒေသတွေ ရှိနေကြောင်း NUGက ထောက်ပြခဲ့ပါတယ်။
စစ်တပ်ရဲ့လုပ်ရပ်ဟာခြိမ်းခြောက်မှု၊ဖိအားပေးမှုဆန်ပြီး ကွန်ဗင်းရှင်းက ထောက်ခံပေးထားတဲ့ ငြိမ်းချမ်းစွာ သံတမန်ရေး ထိတွေ့ဆက်ဆံမှု စံနှုန်းတွေနဲ့ ကင်းကွာနေတယ်လို့ NUGက ဆိုပါတယ်။
NUGရဲ့ ကြေညာချက်မှာတော့တီမောလက်စ်တေး အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတချို့နဲ့ NUGကြားမှာ ပုံမှန် ဆက်သွယ်မှုတွေ ရှိနေတယ်လို့ အတည်ပြု ဖော်ပြထားပါတယ်။တီမောအပေါ် စစ်တပ်က ပြုမူခဲ့တဲ့ လုပ်ရပ်မျိုးဟာ နိုင်ငံတကာ သံတမန် ကျင့်ထုံးတွေနဲ့ပတ်သက်ပြီးအလေးအနက် စိတ်ပူစရာ ဖြစ်လာတယ်လို့လည်း NUGက ဝေဖန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု ရှာဖွေနိုင်ရေး၊ ကျူးလွန်သူတွေ လွတ်မြောက်နေတာကို အဆုံးသတ်နိုင်ရေး အားထုတ်မှုတွေမှာအားပေးကူညီတဲ့တီမော အပါအဝင် အစုအဖွဲ့တိုင်း၊ လူပုဂ္ဂိုလ်တိုင်းကို NUGက ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။
ပြီးတော့ အကျပ်အတည်း ကာလအတွင်း မြန်မာပြည်သူတွေနဲ့အတူဆက်လက်ဖေးမရပ်တည်ပေးဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို NUGက တိုက်တွန်း မေတ္တာရပ်ခံထားပါတယ်။
သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်အပေါ် တီမောလက်စ်တေး အစိုးရကလည်းဒီကနေ့မှာ ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ နိုင်ငံအနေနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂတို့က ချမှတ်ထားတဲ့ စည်းမျဉ်း မူဝါဒ အားလုံးကို လေးစားလိုက်နာမှာဖြစ်ကြောင်းထပ်လောင်း အတည်ပြုထားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေး အတွက်လည်း အစွမ်းကုန် အားပေးနေမယ်လို့ ပါရှိခဲ့ပါတယ်။
ပြီးတော့မြန်မာပြည်သူတွေနဲ့အတူတီမောလက်စ်တေးကတစ်သားတည်း ရပ်တည်မှာ ဖြစ်တဲ့အကြောင်းလည်းဖော်ပြထားပြီးစစ်တပ်ကိုလည်းလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ လက်ရှိ အကျပ်အတည်းနဲ့ ပတ်သက်ရင် ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေကနေ ဖြေရှင်းဖို့လည်း တိုက်တွန်းသွားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန် ကတည်းကစလို့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ နိုင်ငံတကာ စိုးရိမ်စရာ ကိစ္စတစ်ခုအဖြစ် တည်ရှိနေခဲ့ကြောင်းလည်း အရှေ့တီမော အစိုးရက ဖော်ပြထားပါတယ်။တီမောဟာလည်း နိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ မြန်မာပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေအပေါ် လေးစားရေးတွေကို တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန် ကလည်းဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူး
လွန်တာတွေကို မှန်ကန်ကြောင်း ဝန်ခံတာဖြစ်တယ်လို့ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းမှာ ပြောပါတယ်။
“ဒီအမှုလွတ်လပ်တဲ့တီမော်တရားရုံးကလက်ခံလို့ တုန့်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်သူတို့စစ်ရာဇဝတ်မှု တွေကျူးလွန်တာ မှန်ကန်ကြောင်း ဝန်ခံတာဘဲ။…။တဖက်မှာ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအတွက် တာဝန်ယူတာဝန်ခံဖို့ မလိုလားတဲ့ တုန့်ပြန်မှုလို့ဘဲ ပြောရမယ်။သူကိုယ်တိုင် လက်မှတ်ရေးထိုးတဲ့ ASEAN Five Points ကို ချိုးဖောက်တဲ့သူက လွတ်လပ်တဲ့Timor Leste တရားရေးက ပြည်တွင်းရေး စွက်ဖက်တယ် ဆိုတဲ့ ကောင်ချက်ချမှုက နောက်ကြောင်းဆီလျှော်မှု မရှိဘူး လို့ဘဲပြောရမယ်” လို့ ဆလိုင်းမန်ဟရဲလျန် ကပြောပါတယ်။

















































