close
Connect with us

Hi, what are you looking for?

သတင်း

ရှားတောမြို့နယ်မှာဖြစ်နေတဲ့ ကူးစက်မြန် အရေပြားရောဂါ ရေကျောက်ရောဂါအဖြစ် သံသယရှိတယ်လို့ KnMHC ထုတ်ပြန်

ကရင်နီပြည်နယ်၊ဆိုမိုဖရေဆိုးလဲ(ရှားတော)မြို့နယ်က ကလေးငယ်နဲ့ လူငယ်တွေမှာ ဖြစ်နေတဲ့ ကူးစက်မြန်အရေပြားရောဂါက ရေကျောက်ရောဂါ (Chickenpox)အဖြစ် သံသယရှိတယ်လို့ Karenni Mobile Health Committee (KnMHC)က ဒီကနေ့(ဖေဖော်ဝါရီ ၆ရက်) ထုတ်ပြန်ပါတယ်။

ရှားတောမြို့နယ်မှာဖြစ်နေတဲ့ ကူးစက်မြန် အရေပြားရောဂါခံစားနေရသူတစ်ဦးရဲ့ လက်တစ်စုံ။ ဓာတ်ပုံ - CTER

ဖေဖော်ဝါရီ-၆။၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ဆိုမိုဖရေဆိုးလဲ(ရှားတော)မြို့နယ်က ကလေးငယ်နဲ့ လူငယ်တွေမှာ ဖြစ်နေတဲ့ ကူးစက်မြန်အရေပြားရောဂါက ရေကျောက်ရောဂါ (Chickenpox)အဖြစ် သံသယရှိတယ်လို့ Karenni Mobile Health Committee (KnMHC)က ဒီကနေ့(ဖေဖော်ဝါရီ ၆ရက်) ထုတ်ပြန်ပါတယ်။

ဆိုမိုဖရေဆိုးလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာက အိမ် ထောင်စု ၇၁စုက လူဦးရေ ၃၅၉ ဦးမှာ အရေပြားဖုထွက်ခြင်းနဲ့ ဖျားနာခြင်းတို့ပါဝင်တဲ့ ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ ရေကျောက်ရောဂါ (Chickenpox) ဖြစ်နိုင်တယ်လို့ သံသယရှိနေပြီးအတည်ပြုနိုင်ရေးအတွက် ဆက်လက်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲလို့အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကူးစက်မြန်တဲ့ အရေပြားဖြစ်ပွားမှုအရစုစုပေါင်း ၁၈ဦးမှာ ပြင်းထန်လူနာနှစ်ဦးရှိပြီး သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။

ဖြစ်ပွားသူတွေဆီမှာတွေ့ရှိရတဲ့ အဓိက လက္ခဏာတွေက ဖျားနာတာ၊ကိုယ်ပူတာ၊ခေါင်းကိုက်တာ၊အရည်ဖုများထွက်တာနဲ့ ရက်အနည်းငယ်အကြာမှာ ပြည်တည်လာတယ်လို့ KnMHCက ဆိုပါတယ်။

ရောဂါဖြစ်ပွားသူတွေကို ကိုယ်ပူကျဆေးများပေးတာ၊Calamine Lotion ဖြန့်ဝေတာ၊လိုအပ်သူတွေကို Cloxacillin (PO) ပေးတာ၊ရောဂါဖြစ်စဥ်ကို မျှဝေ အသိပေးတာနဲ့ သက်ဆိုင်ရာ ကျောင်းတာဝန်ခံတွေ နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီး အခြေအနေအရ လိုအပ်ရင် ကျောင်းတွေ ယာယီပိတ်သိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရေးစီစဥ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဆက်လက် စောင့်ကြည့်စစ်ဆေးမှုတွေကို ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ လက်သန့်ရှင်းရေးပစ္စည်းတွေကို ကျေးရွာက အိမ်ထောင်စု ၇၁စု အတွက် လတ်တလောလိုအပ်ချက်တွေအတွက်လည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး အမြန်ဆုံး ပံ့ပိုးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လူထုအနေနဲ့ တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြဖို့အပါအဝင် ဖျားနာတာ၊အရေပြားဖုထွက်တာစတဲ့ လက္ခဏာတွေ တွေ့ရှိခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေဆီကို ချက်ချင်း ဆက်သွယ်အကြောင်းကြားဖို့လည်း KnMHCက တိုက်တွန်းထားပါတယ်။

ရေကျောက်ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပြီး (အထူးသဖြင့် ကလေးတွေမှာ အဖြစ်များတဲ့) ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်သူအများစုက အလိုအလျောက် သက်သာပျောက်ကင်းတယ်လို့ ဆေးဘက်ဆိုင်ရာစာတမ်းတွေမှာဖော်ပြထားပါတယ်။

သန့်ရှင်းတဲ့ရေအရင်းအမြစ် အလုံ အလောက်မရှိတဲ့ ကရင်နီပြည်နယ်ရဲ့ စစ်ရှောင်စခန်းအချို့မှာလည်း အရေပြားရောဂါဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းမီက လူဦးရေသုံးသိန်းဝန်းကျင်ရှိခဲ့တဲ့ ကရင်နီပြည်နယ်မှာ လက်ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ နေရပ်စွန့်ခွာရွှေ့ပြောင် နေရတဲ့ ဒေသခံနှစ်သိန်းခွဲ ဝန်းကျင်ရှိပါတယ်။

ရှားတောမြို့နယ်အပါအဝင် လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ၊ဖားဆောင်း၊ဖရူဆို၊ဖယ်ခုံ နဲ့မယ်စဲ့ မြို့နယ်တွေမှာ စစ်ရှောင်ပြည်သူနှစ်သိန်းရှစ်သောင်း ကျော်ရှိတယ်လို့ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ကရင်နီပြည်နယ်ကို စစ်တပ်ရဲ့ကန့်သတ်မှုတွေ ကြောင့် နိုင်ငံတကာနဲ့ကုလအဖွဲ့အစည်းတွေရဲ့ အကူအညီ မရဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေကတဆင့် ဒေသခံတွေက တောင်းခံရရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကို တွန်းလှန်ပြီး ခုခံမှုအားကောင်းတဲ့ စစ်ကိုင်း၊မကွေး တိုင်းတွေမှာလည်း အမျိုးသမီးလစဥ်သုံးက အစ ဆေးဝါးရိက္ခာတွေကို စစ်တပ်က သယ်ယူ၊သယ်ဆောင်ခွင့်ပိတ်ပင်ထားပါတယ်။

ဆက်စပ်သတင်းများ