ဒီဇင်ဘာ – ၃၀ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ ဖာပွန်ဗျူဟာမှာ KNU တပ်မဟာ (၅) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီးဗျုဟာစခန်းမကျအောင်စစ်ကောင် စီတပ်ကလေယာဉ်နဲ့ နေ့စဉ်နီးပါးပစ်ကူပေးနေတယ်လို့ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဖာပွန်ဗျူဟာမှာ ဒီဇင်ဘာလကုန်ပိုင်းကစတင်ကာတိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ ဖာပွန်ဗျူဟာဆီ စစ်ကူပေးလို့မရတာကြောင့် လေကြောင်းနဲ့ လာရောက်ပစ်ကူပေးနေရတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ရှင်းပြပါတယ်။
“ ပုံမှန်အတိုင်းပေါ့လေတစ်ဖက်နဲ့တစ်ဖက်ပစ်နေကြတာပဲ အဲ့ဒီအခြေအနေလောက်ပဲရှိတယ်၊ဒီထိုးစစ်အဆင့်အထိတော့ မရှိဘူးလို့တော့ အဲ့ဒီလိုပဲသိရတယ်နော်၊ တခုတော့ရှိတာပေါ့နော် ၊ ဒီစစ်ကော်မရှင်ဘက် ဒီစခန်းမကျအောင်တော့ သူတို့လေယာဉ်ပျံနဲ့ကျတော့ နေ့ရောညရောပေါ့ လာပြီးတော့မှ ပစ်ကူဘာတွေပေးတယ်၊ ပစ်တော့ အကြီးအကျယ်တိုက်ပွဲဖြစ်တယ်လို့ သူများအဲ့လိုပဲယူဆကျတာပေါ့နော်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကမမောင်းမြို့အနီးကဝါးဒူးကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကတိုင်တိစခန်းဘက်ကို စစ်ကြောင်းထိုးလာနေပေမယ့် KNU တပ်မဟာ(၅) တော်လှန်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ဝါးဒူးကျေးရွာမှာပဲ ပြန်လည်နေရာယူထားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဒီနေ့အချိန်အထိတော့ ဝါးဒူးကျေးရွာမှာအခြေချထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကတိုင်တိစခန်းဘက်ကို စစ်ကြောင်းထိုးလို့မရသေးသလို လေယာဉ်နဲ့ ပစ်ကူတိုက်ခိုက်ပေးပေမယ့် ရှေ့ဆက်တိုးလို့မရသေးဘူးလို့ သိရပါတယ်။
ကတိုင်တိရွာက ဖာပွန်မြို့ရဲ့ တောင်ဘက် မိုင် ၃၀ ခန့် အကွာမှာရှိပါတယ်။Google Map ရဲ့တိုင်းထွာချက်အရတော့ ဖာပွန်နဲ့ ဝါးဒူးကျေးရွာကတော့ မိုင် ၅၀ ခန့်ဝေးပါတယ်။
ကတိုင်တိကိုစစ်ကောင်စီတပ်ကအင်အားသွားရောက်ပူးပေါင်းဖို့ကြိုးပမ်းတာဖြစ်ပြီး ကတိုင်တိကတဆင့် ဖာပွန် ဗျုဟာ ဆီ ဆက်တက်ဖို့ စစ်ကောင်စီတပ်က စစ်ရေးရည်မှန်းချက်ထားတာလို့သိရပါတယ်။
” လေးငါးရက်တစ်ခါ သူတို့တိုးစမ်းကြည့်သေးတယ်၊ တိုးစမ်းကြည့်တော့ တိုက်ပွဲဖြစ်တယ် ဖြစ်တော့ သူတို့နေရာမှာပြန်နေတယ်၊ အခုတော့ သူတို့ကတိုင်တိအထိတော့ သူတို့စစ်ကြောင်းထိုးလို့မရသေးဘူးပေါ့နော်၊ နောက်လေယာဉ်ပျံနဲ့လာပစ်ကူတာပေါ့၊လေယာဉ်ပျံနဲ့လာပစ်ကူပေမယ့်လည်းပဲ အဲ့စစ်ကြောင်းကတော့ ရှေ့ဆက်ပြီးတော့ တိုးလာလို့မရသေးဘူး” လို့ ကတိုင်တိ စခန်းဘက်က စစ်ရေးအခြေအနေကို ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။
ဖာပွန်မှာအခြေစိုက်တဲ့ အမှတ် (၁၉) ခြေလျင်တပ်ရင်း (ခလရ ၁၉ )၊ အမှတ် (၄၃၄) ခြေမြန်တပ်ရင်း (ခမရ ၄၃၄) ၊ အမှတ် ( ၆၄၂ ) စစ်လက်နက်ပစ္စည်းတပ်ရင်း (စလန ၆၄၃) တို့ကို ပူးပေါင်းတပ်က သိမ်းယူခဲ့တာပါ။
ဒါပေမယ့် ဖာပွန်အခြေချ စစ်ဗျုဟာ ၊ အမှတ် ( ၃၄၀) ခြေမြန်တပ်ရင်း (ခမရ ၃၄၀) ၊ အမှတ် ( ၃၄၁) ခြေမြန်တပ်ရင်း ( ခမရ ၃၄၁) တို့ကိုတော့ ဆက်လက်ဝန်းရံပိတ်ဆို့ထားပါတယ်။
စစ်ကောင်စီတပ်ကတော့ ဖာပွန်မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ ဆုံးရှုံးသွားခဲ့တဲ့ တပ်ရင်းဌာနချုပ်တွေ၊ ခြေကုပ်စခန်းတွေ ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ကမမောင်းမြို့ကနေတဆင့် စစ်ကူပေးပို့ပြီးစစ်ကြောင်းထိုးတိုက်ခိုက်လာခဲ့ပေမယ့်လက်ရှိအချိန်အထိ ကမမောင်းမြို့အနီးက ဝါးဒူးကျေးရွာမှာသာ ရောက်ရှိတပ်စွဲနေတာဖြစ်ပါတယ်။
စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၂)ထဲမှာ ကရင်ပြည်နယ်က ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်တို့ပါဝင်နေပါတယ်။
















































