နိုဝင်ဘာ-၁၇၊၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို ၃ ဦး အအေးမိသေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က မြိုင်မြို့နယ်တောင်ပိုင်းကို ရောက်ရှိနေတဲ့ ပခုက္ကူတပ်မ ၁၀၁က စစ်ကောင်စီစစ်ကြောင်းဟာ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေလို့မြိုင်မြို့နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။
ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေထဲက ရာသီဥတုအအေးဒဏ်ကြောင့် နိုဝင်ဘာ ၁၅ ရက်က မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၉၁ နှစ်အရွယ်အဘိုးအိုတစ်ဦး၊ နိုဝင်ဘာ ၁၆ ရက်မှာ မြိုင်မြို့နယ်အနောက်ပိုင်းက အသက် ၉၀ နှစ်အရွယ် အဘွားအိုတစ်ဦးနဲ့ နိုဝင်ဘာ ၁၇ ရက်က မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၆၁ နှစ်အရွယ် အဘွားအိုတစ်ဦး၊စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အိုသုံးဦး အအေးမိပြီး သေဆုံးခဲ့ရကြောင်းWe Love Myaingအဖွဲ့ကပြောပါတယ်။

Public Service Announcement

“ အအေးက တရက်ထက်တရက် ပိုပိုပြီးအေးလာတယ်။စစ်ဘေးရှောင်တွေကစောင်တို့ဘာတို့ ခက်ခဲတယ်။ဘာလို့ဆိုတော့ဆောင်းဝင်လာတဲ့ရက်ဆိုတော့ တခါတရံမှာ တောထဲမှာ လဟာပြင်တွေမှာ အခြေအနေအရ အိပ်ရတာမျိုးတွေဆိုရင် စောင်တွေကအရမ်းလိုအပ်တယ်။အစားအသောက်ထက်စောင်ကတောင် ပိုလိုအပ်နေသလိုမျိုး ဖြစ်နေတာ” လို့ အညာမြေတပ်ပေါင်းစုက ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အညာဆောင်းဟာ စစ်ရှောင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက် အန္တရာယ်များတာကြောင့် ပြည်သူများ စစ်ကြောင်းလာလို့ ရှောင်ကြရင် အနွေးထည်နဲ့စောင်တွေ ယူဆောင်လာဖို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်နယ်ထဲက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆ ဦးထက်မနည်း ဖမ်းဆီးကာ ပေါက်နယ်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သတင်းရရှိပါတယ်။

















































